မြိတ်၊ အောက်တိုဘာ ၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မြိတ်)၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာလ ၂ ရက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကန်ဖျားရပ်ကွက်၊ သာသနာ့ရိပ်သာအနီးရှိ အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သင်တန်းဆင်းပွဲအခမ်းအနားတွင် မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးဦးက သင်တန်းဆင်းအမှာစကားပြောကြားသည်။
ဆက်လက်၍ မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက ထူးချွန်ဆု ရရှိသူ ၁ ဦးအား အပ်ချုပ်စက် ၁ စုံချီးမြှင့်ပေးအပ်သည်။
ထို့နောက် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မြိတ်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုမြတ်အေးက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ရာ သင်တန်းသူများကိုယ်စား သင်တန်းသူ ၁ ဦးက လက်ခံရယူသည်။
ထို့နောက် သင်တန်းခန်းမအတွင်း သင်တန်းသူများချုပ်လုပ်ထားသည့် လက်ရာဒီဇိုင်းများကို မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးနှင့် တာဝန်ရှိသူများက လှည့်လည် ကြည့်ရှုအားပေးကြသည်။
အဆိုပါ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းသို့ မြိတ်မြို့နယ်၊ ပုလောမြို့နယ်၊ ကျွန်းစု မြို့နယ်၊ တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့မှ သင်တန်းသူ ၂၅ ဦး တက်ရောက်သင်ကြားခဲ့ကြပြီး သင်တန်းတွင် ဘာသာရပ်အမျိုးအစား ၁၈ မျိုးကို မေလ ၄ ရက်မှ အောက်တိုဘာလ ၂ ရက်အထိ သင်ကြားပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။