နေပြည်တော်၊ ဇွန် ၁၆ရက်
နိုင်ငံတော်အစိုးရမှ ပြည်သူလူထု၏ အခြေခံလိုအပ်ချက်များကို အချိန်တိုတိုအတွင်းဖြည့်ဆည်း ဆောင်ရွက်နိုင်ရန်အတွက် ရက် (၁၀၀) စီမံကိန်းအား အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိရာတွင် နယ်စပ်ရေးရာ၀န်ကြီးဌာနအနေဖြင့်လည်း ရက် (၁၀၀) ကန်(၁၀၀) စီမံကိန်းကို နိုင်ငံတော်အကြီးအကဲများ၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ ဒေသခံပြည်သူ လူထုများ၏ အမှန်တကယ်လိုအပ်ချက်ရှိသည့် နေရာများ၌ ရေကန် (၁၀၀) တူးဖော်ခြင်း လုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် (၁၅-၆-၂၀၁၆) ရက်နေ့ ညနေပိုင်း၌ နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် သည် တာ၀န်ရှိသူများ လိုက်ပါလျက် မိုးနည်းရေရှား ဒေသဖြစ်သော မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် နှင့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာများ၌ သောက်သုံးရေကန်များ တူးဖော်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့သည် ချောက်မြို့နယ်၊ လင်းတကိုင်းကျေးရွာ၊ တုံရွာကျေးရွာ၊ ဂွေးပင်ကြီးကျေးရွာ၊ ဂွေးပင်လေးကျေးရွာနှင့် ညောင်ကျပ္ပင်ကျေးရွာများ၌ နယ်စပ်ရေးရာဝန်ကြီးဌာန အစီအစဉ်ဖြင့် တူးဖော်ပြီးစီးခဲ့သည့် ရေချိုသောက်သုံးရေကန်အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးမှ နိုင်ငံတော်အစိုးရအနေဖြင့် လူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို စီမံကိန်းချမှတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရက် (၁၀၀) စီမံကိန်းတွင် ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် ဝန်ကြီးဌာနအသီးသီးက စီမံဆောင်ရွက် လျက်ရှိပါကြောင်း၊ မိမိတို့ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရက်(၁၀၀) စီမံကိန်းတစ်ခု အပါအဝင်ဖြစ်သည့် ရက် (၁၀၀) ကန် (၁၀၀) စီမံကိန်းကို သောက်သုံးရေအခက်အခဲရှိသည့် ဒေသများတွင် စီမံဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ချောက်မြို့နယ်အတွင်းရှိ ရေကန်များလည်း အဆိုပါ ကန် (၁၀၀) စီမံကိန်းတွင် အကျုံးဝင်ပါကြောင်း၊ မုတ်သုံရာသီအမီ အချိန်ကိုက် တူးဖော်ပေးနိုင် ခဲ့သဖြင့် လက်ရှိအချိန်တွင် ဒေသခံပြည်သူများ အကျိုးရှိထိရောက်သည်ကို သိရှိရပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် ယင်းသောက်သုံးရေကန်များ ရေရှည်တည်တံ့ခိုင်မြဲအောင် အားလုံး အသိစိတ်ဓါတ်ရှိရှိဖြင့် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားရန် လိုအပ်ပါကြောင်း၊ တာ၀န်ရှိသူများ နှင့် ဒေသခံပြည်သူလူထုအား ရှင်းလင်းမှာကြားခဲ့ပါသည်။