မက်မန်းမြို့နယ်အတွင်းက နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ

မက်မန်းမြို့နယ်၏ ပထဝီအနေအထား မက်မန်းမြို့နယ်သည်  ရှမ်းပြည်နယ်၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်း ခရိုင်တွင် တည်ရှိပါသည်။ အရှေ့ဘက်တွင် မိုင်းယန်းနှင့် မိုင်းခတ်မြို့နယ်၊ တောင်ဘက်တွင် မိုင်းပျဉ်းမြို့နယ်၊ အနောက်ဘက်တွင် မိုင်းရှူးမြို့နယ်၊ မြောက်ဘက်တွင် ပန်ဆန်း (ပန်ခမ်း) မြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။ မက်မန်းမြို့သည် ပင်လယ်ရေမျက်နှာပြင် အထက် ၄၀၅၀ ပေ တွင် တည်ရှိနေပါသည်။ ဒေသအတွင်း၌ အမြင့်မားဆုံးဖြစ်သော လွယ်လန်းတောင်သည် အမြင့်ပေ ၇၆၂၇ ပေရှိပြီး ဝမ်စလောင်းကျေးရွာ၏ အရှေ့ဘက်တွင် တည်ရှိပါသည်။ မန်ဝိန်း ကျေးရွာအနီး လွယ်ဟိုလာတောင်မှာ ဒုတိယအမြင့်မားဆုံးဖြစ်ပြီး အမြင့်ပေ ၇၁၂၃ ပေရှိပါသည်။ မြစ်ချောင်းများ နည်းပါးသည့်ဒေသဖြစ်သော်ငြားလည်း သံလွင်မြစ်သည် မြို့နယ်၏ အနောက်ဘက် နယ်နိမိတ် တစ်လျောက် ၄၄ မိုင်ခန့် ဖြတ်သန်းစီးဆင်းနေသည်။ အခြားထင်ရှားသည့် ချောင်းတစ်ခုမှာ နမ့်ခချောင်းဖြစ်သည်။
အိမ်ခြေ၊ လူဦးရေနှင့် တိုင်းရင်းသားမျိုးနွယ်စုများ
    မက်မန်းမြို့လေးက သေးငယ်ပါသည်။ မြို့ပေါ်တွင် အမှတ် ၁ နှင့် အမှတ် ၂ ရပ်ကွက် နှစ်ခုသာ ဖွဲ့စည်းတည်ရှိပြီး အိမ်ခြေ ၇၇ အိမ်၊ အိမ်ထောင်စု ၉၃ စု၊ လူဦးရေအားဖြင့် ၅၀၂ ဦး ရှိနေပါသည်။ အခြားသောကျေးရွာအုပ်စုများမှာ တာကော်လေးအုပ်စု၊ ရောင်အူ “ဝ”အုပ်စု၊ နမ့်တော် အုပ်စု၊ မန်ဝိန်းအုပ်စု၊ ကောင်းလန်းအုပ်စု၊ ဆွတ်ဝိုးအုပ်စု၊ ငှက်ယောင်းအုပ်စု၊ မင်းရန်အောင်အုပ်စု၊ ဝိန်းနောင်အုပ်စု၊ ဝမ်စလောင်းအုပ်စုနှင့် အေးကျန့်အုပ်စုတို့ဖြစ်ကြသည်။ မြို့ပေါ်ရပ်ကွက် ၂ ခုနှင့် ကျေးရွာအုပ်စု ၁၁ စုအတွင်းရှိ ကျေးရွာပေါင်း ၉၇ ရွာတို့တွင် စုစုပေါင်း လူဦးရေ ၁၉၅၆၆ ဦး နေထိုင်လျက်ရှိသည်။ လွယ်လ၊ လားဟူနှင့် ရှမ်းတိုင်းရင်းသား များ အများဆုံးနေထိုင်ပြီး ဗမာနှင့် ချင်းတိုင်းရင်းသားများလည်းရှိပါသည်။
နတလ လမ်း/တံတားလုပ်ငန်းများ
    နတလလုပ်ငန်းကော်မတီအစီအစဉ်ဖြင့် ၁၉၉၂-၁၉၉၃ ဘဏ္ဍာနှစ်တွင် လွယ်ပါ- လွယ်ဟိုလာ မြေလမ်း ၂၅/၀ မိုင် စတင်ဖောက်လုပ်ပေးခဲ့ပါသည်။ ဆက်လက်၍ နယ်စပ်ရေးရာ ဝန်ကြီးဌာနက ဘဏ္ဍာနှစ်အလိုက် ဖောက်လုပ်ပေးခဲ့သော လမ်း/တံတားလုပ်ငန်းများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-
•    နမ့်ကျွတ်- ပန်ကောက်- ရောင်ပန် ကျေးရွာချင်းဆက်မြေလမ်း    ၁၂/၀ မိုင်
•    ဝိန်းနောင်အုပ်စု ပန်ဝေါ့- လွယ်ကျန့်- မိုက်ဟုန်းမြေလမ်း        ၃/၀ မိုင်
•    ရောင်အူ- ရောင်ကွန်မြေလမ်း ၇/၀ မိုင်အနက်ကျောက်ခင်းခြင်း    ၂/၄ မိုင်
•    မွတ်နိုး- ကောင်းလန်းလမ်းကျောက်ခင်းခြင်း            ၅/၇ မိုင်
•    မက်မန်းမြို့ပတ်လမ်းကျောက်ခင်းခြင်း                ၂/၄ မိုင်
•    မက်မန်း-အေးကျန့်- ကန်နလမ်းကျောက်ခင်းခြင်း            ၁၀/၀မိုင်
•    နမ့်တော်- ရောင်စောင်း-ခိုဟင်မြေလမ်း                ၆/၀ မိုင်
•    ရောင်အူကြီး- ဝမ်စလောင်းလမ်းကျောက်ခင်းခြင်း            ၅/၀ မိုင်
ကွန်ဟောင်းကြီး- နာကြားလမ်းပေါ်တွင် ပေ ၅၀ ကွန်ကရစ်    ၁စင်း တံတား    
    ၁၉၈၉-၉၀  ဘဏ္ဍာနှစ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အထိ မက်မန်းဒေသအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သော နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ မြေလမ်း ၅၉/၀ မိုင်၊ ကျောက်လမ်း ၃၃/၃ မိုင်၊ ကတ္တရာလမ်း ၂/၀ မိုင်၊ တံတား ၁၀ စင်း၊ Box Culvert   ၉၀ စင်း၊ ပညာရေး လုပ်ငန်း ၂၄ ခု၊ ကျန်းမာရေးလုပ်ငန်း ၁၆ ခု၊ သောက်သုံးရေ သွယ်ယူခြင်း လုပ်ငန်း ၁ ခု၊ ဆက်သွယ်ရေး လုပ်ငန်း ၅ ခု၊ သာသနာရေးလုပ်ငန်း ၆ ခု၊ အိမ်ရာဆောက်လုပ် ရေးလုပ်ငန်း ၁၄ ခု၊ ပြည်သူ့ဆက်ဆံရေးလုပ်ငန်း ၁ ခုတို့ဖြစ်ပြီး စွမ်းအင်လုပ်ငန်းအတွက် မီးစက်နှင့် ဆိုလာမီးများ ထောက်ပံ့ခြင်းအပါအဝင် စုစုပေါင်း သုံးစွဲငွေကျပ်သန်းပေါင်း ၅၃၆၅ ဒဿမ ၁၃၁ သန်းဖြစ်ပါသည်။
ပထမအကြိမ်ခရီးစဉ်ထောက်ပံ့မှုများ
    ကျွန်တော်၏ ပထမအကြိမ် မက်မန်းဒေသခရီးစဉ်သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ အတွင်းဖြစ်၍ တာဝန်ထမ်းဆောင်ဆဲကာလဖြစ်သည်။ ထိုခရီးစဉ်မှအပြန်ဒေသဖွံ့ဖြိုးရေး အတွက် လိုအပ်ချက်များကို ပြည်ထောင်စုဝန်ကြီးထံတင်ပြခဲ့ရာ မက်မန်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာ အတွက် ဆိုလာမီး ၃၆၆ စုံ၊ ဒေသအတွင်းမှ အထက၊ အလက၊ အလက (ခွဲ)၊ အမကကျောင်းများ စုစုပေါင်း ၃၃ကျောင်းတွင် လာရောက်တာဝန်ထမ်းဆောင်နေကြသော ဆရာ၊ ဆရာမများအတွက် ဆိုလာမီး ၅၈ စုံ၊ မင်းရန်အောင်ကျေးရွာအတွက် ဆိုလာမီး ၃၂ စုံ ထောက်ပံ့ပေးခဲ့သည်။ ၎င်းပြင် မင်းရန်အောင်ကျေးရွာဆိုသည်မှာ မော်ဖဒေသ၌ ဗကပ အမြစ် ပြတ်ချုပ်ငြိမ်းသွားမှုအမှတ်တရ တည်ပေးထားသော သမိုင်းဝင်ရွာလေးဖြစ်သောကြောင့် ၎င်းရွာတွင် လာရောက်တာဝန်ထမ်းဆောင် နေကြသော ဆရာ၊ ဆရာမများအတွက် ဝန်ထမ်း အိမ်ရာ ၂ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ကျောင်း ခွင့်ပြုတည်ဆောက်ပေးခဲ့ဖူးသည်ကို ပြန်လည်အမှတ်ရမိသည်။ ၎င်းပြင် မက်မန်းမြို့ မင်းရန်အောင် ဘုရားကုန်းတော်ပေါ်ရှိ ပညာဒီပဘုန်းတော်ကြီးကျောင်းတွင် ဆောက်လုပ်ဆဲ နှစ်ထပ်ဓမ္မာရုံအတွက် ငွေကျပ်သန်း ၂၀ လှူဒါန်းပေးခဲ့သည်။ မက်မန်းမြို့လေးကို ပြန်လည်ရောက်ခိုက် မင်းရန်အောင် စေတီတော်ကို ဖူးမြော်ရင်း ပြီးစီးနေပြီဖြစ်သော ဓမ္မာရုံကြီးကို ကြည့်ကာ ဝမ်းမြောက်ပီတိ ဖြစ်ခဲ့ ရသည်။
ရောင်အူကြီးဒေသအတွက် အိပ်မက်လမ်းတစ်သွယ်
    နတလက  ဖောက်လုပ်ပေးခဲ့သော ရောင်အူကြီး- ဝမ်စလောင်းလမ်းသည် ဒေသကို အမှန်တကယ်အကျိုးပြုခဲ့ပါသည်။ အကြောင်းမှာ မိုင်းပျဉ်း-မက်မန်းကားလမ်းပေါ်ရှိ အောင်သံလွင် ကျေးရွာမှတစ်ဆင့် ကောင်းကေးသို့ သွားရောက်ပြီး ကောင်းကေး- ရောင်အူကြီး- ဝမ်စလောင်းလမ်း အတိုင်း ၂၃/၀ မိုင် မောင်းနှင်လိုက်ပါက ဝမ်စလောင်းမှ တစ်ဆင့် မိုင်းပျဉ်း- မက်မန်းလမ်းပေါ်သို့ ပြန်လည်ရောက်ရှိကာ ကျိုင်းတုံသို့လည်းကောင်း၊ တာကော်- ကွန်ဟိန်း- ခိုလမ်- နမ့်စန်- တောင်ကြီး သို့လည်းကောင်း သွားရောက်နိုင်မည်ဖြစ်သည်။            
    ဒေသခံတိုင်းရင်းသားများ မျှော်လင့်နေကြသည့် အိပ်မက်လမ်းတစ်သွယ် ရှိနေပါသေး သည်။ ဝိန်းနောင်ကျေးရွာအုပ်စုမှ ကျေးရွာများအနေဖြင့် နမ့်ဟာနူး- မင်းရန်အောင်- ဝိန်းနောင်လမ်း အတိုင်း ဝိန်းနောင်ကူးတို့ဆိပ်ကို ဦးတည်၍ ကား/ဆိုင်ကယ်လမ်း ၁၈ မိုင် ဖောက်လုပ်ထားပြီးဖြစ်ရာ သွားလာရေး အဆင်ပြေနေကြသည်။ ဝိန်းနောင်ကူးတို့ဆိပ်မှ သံလွင်မြစ်ကိုဖြတ်ကူး၍  မိုင်းရှူးဒေသ ဘက်သို့ ခရီးဆက်နိုင်ကြသည်။ ထိုကဲ့သို့ပင် ရောင်အူကြီးကျေးရွာအုပ်စုမှ ကျေးရွာများအနေဖြင့် အနောက်ဘက် သံလွင်မြစ်အထိ သွားနိုင်မည့် ကားလမ်းတစ်သွယ်ကို မျှော်လင့်စောင့်စား နေကြ သည်။ လောလောဆယ်အနေအထားတွင် ရောင်အူ- ပန်ဝေါ့- ဝိန်းပေါ်- ပန်သော- ဝမ်ပန်း ကူးတို့ဆိပ် ထိ ဆိုင်ကယ်များနှင့် သွားလာနေကြသည်။ ကားလမ်းမရှိသေးပါ၊ ခန့်မှန်း အကွာအဝေး ၁၂ မိုင်ခန့် ရှိကြောင်း၊ ခဲရာခဲဆစ် ဖြတ်ကူးရမည့်ချောင်းကြီး ချောင်းငယ်မရှိကြောင်းလည်း သိရသည်။ ဤလမ်း သည် ရောင်အူကြီး ဒေသခံတိုင်းရင်းသားများအတွက် အိပ်မက်လမ်းတစ်သွယ် ဖြစ်နေပါလိမ့်မည်။ တစ်ချိန်ချိန်မှာတော့ အကောင်အထည်ပေါ်လာတန်ကောင်းရဲ့ဟု ကျွန်တော် ယုံကြည်ထားပါသည်။
မျှော်လင့်ချက်အိပ်မက်များပြည့်ပါစေ
    မက်မန်းမြို့ရောက်ဝန်ထမ်းများနှင့် မြို့နေလူထု၏ နောက်ထပ်အိပ်မက်တစ်ခုမှာ မြို့၏ အရှေ့တောင်ဘက်၊ မက်မန်း- အေးကျန့်လမ်းမှ ၄ မိုင်ခန့်အကွာ၊ နမ့်နန်းချောင်း ရေတံခွန်မှ ရေအား လျှပ်စစ်ထုတ်ယူသုံးစွဲနိုင်ရေးအိပ်မက်ပဲဖြစ်ပါသည်။ အဖွဲ့ဖွဲ့၍ သွားရောက် ကွင်းဆင်းစစ်ဆေး တိုင်းတာ ချက်များအရ ၃၀၀KW ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ရေအားလျှပ်စစ် ထုတ်ယူရန် ငွေကျပ်သန်း ၁၆၈၀ ဒဿမ၅ သန်းခန့် ကုန်ကျမည်။ မက်မန်းမြို့အပါအဝင် ကွန်ဟောင်း၊ မွတ်နိုး၊ ပါလောင်း၊ အေးကျန့်ရွာ ၄ ရွာ၊ နယ်ခြားစောင့် တပ်ရင်းအပါအဝင် အိမ်ခြေ ၇၀၀ ခန့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးထုတ်လုပ်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ ၁၉၈၉-၉၀ မတိုင်မီအချိန်ကာလများက လျှပ်စစ်မီးမရှိသော၊ မမြင်ဘူးသော၊ ဈေးကြီးလွန်း၍ ဖယောင်းတိုင်၊ ရေနံဆီမီးခွက်ကိုပင် မှန်မှန်မသုံးနိုင်အောင် ဆင်းရဲတွင်းနက်ခဲ့သည့် မော်ဖဒေသ၊ ထိုမှ ၁၉၈၉-၉၀ နောက်ပိုင်း မီးစက်များ ရောက်လာပြီး မီးအလင်းရောင်ကို အချိန်ပိုင်းနှင့် သုံးခွင့်ရလာသော မော်ဖဒေသ။ ယနေ့အချိန်အထိလည်း မီးစက်မီးဖြင့် အချိန်ပိုင်း မီးလင်းအောင် နှစ်ပါးသွားနေရဆဲ၊ ကြိုးစားရုန်းကန်နေကြရဆဲ။
    အိပ်မက်မက်ခွင့်ရှိပါသည်၊  အရာရာကို မျှော်လင့်ခွင့်ရှိပါသည်၊ ကျွန်တော်ချစ်သော မော်ဖဒေသနေ တိုင်းရင်းသားအားလုံး အိပ်မက်များဖြင့် ထာဝစဉ် ရှင်သန်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ရပါသည်။

မြင့်စိုး (နတလ)    

Post Paragraph