မုန်တိုင်းအလွန်ကာလတွင် စားရေရိက္ခာဖူလုံစေရေး၊ သန့်ရှင်းသည့် သောက်သုံးရေရရှိရေး၊ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရေး၊ ဆေးရုံနှင့် ကျောင်းများကို အမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိ

စစ်တွေ မေ ၂၁
    ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ပြန်လည်ထူထောင်ရေးလုပ်ငန်း များကို အနီးကပ်ကြီးကြပ်ကွပ်ကဲရန် စစ်တွေမြို့၌ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့‌ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများဖြစ်သော တပ်ဦးဆုတောင်းပြည့် ပရိယတ္တိစာသင်တိုက်၊ နန္ဒာရာမပရိယတ္တိ စာသင်တိုက်၊ ‌ရွှေစေတီကျောင်းတိုက်၊ ပညာလင်္ကာရကျောင်းတိုက်နှင့် မြို့မပရိယတ္တိ စာသင်တိုက်များသို့ သွားရောက်ပြီး ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်း ကြသည်။
    ထိုသို့ သွားရောက်လှူဒါန်းစဉ် မုန်တိုင်းဒဏ်ကြောင့်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်း များအားပြုပြင်ရန်နှင့် ပြန်လည်ထူထောင်ရန် ဆောင်ရွက်နေမှုများကို လျှောက်ထားပြီး ကျောင်းတိုက်များ အတွင်း အပျက်အစီးများကို လှည့်လည်ကြည့်ရှုကာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြား၍ အမြန်ပြုပြင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ဆန်အိတ် ၂၅၄၀ ကို ရေယာဉ်ရွှေ့ပြောင်း
    ထို့နောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ပုဏ္ဏားကျွန်းမြို့သို့ ဆက်လက်ထွက်ခွာပြီး မြို့မပရိယတ္တိကျောင်းတိုက်တွင် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆရာဝန်ကြီးများပါဝင်သော အဖွဲ့ဖြင့် ကွင်းဆင်းဆေးကုသ နေမှုကို ကြည့်ရှုသည်။
    ထို့နောက် ဆေးကုသရန် ရောက်ရှိနေသော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ပြီး အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများအား ကျေးဇူးတင်စကား ပြောကြား ခဲ့သည်။ဆက်လက်၍ ဆေးကုသမှုခံယူရန် ရောက်ရှိလာသော ပြည်သူများအတွက် ခေါက်ဆွဲခြောက် ထုပ်များ ပေးအပ်ခဲ့သည်။
    ထို့နောက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း ပုဏ္ဏားကျွန်းသို့ ရောက်ရှိပြီး မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျောင်းဆောင်များအား စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် ပြန်လည်ပြုပြင်ရန် ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။
    မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့သည် ပြည်နယ်အစိုးရအဖွဲ့ ဧည့်ရိပ်သာ၌ စစ်တွေမြို့ မြို့မိမြို့ဖများနှင့် တွေ့ဆုံသည်။
မြို့နယ်အလိုက် တာဝန်ပေးအပ်
    တွေ့ဆုံစဉ် ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများကို မြို့နယ်အလိုက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုကို အနီးကပ် ကြီးကြပ်ရန် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း၊ မုန်တိုင်း မစတင်မီကပင် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြောင်း၊ မုန်တိုင်းအလွန် မုန်တိုင်းဒဏ်သင့်ဒေသများတွင် ပြန်လည်တည်ဆောက် ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အမျိုးသားအဆင့်နှင့် ပြည်နယ်အဆင့် သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီများကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့်ဒေသများသို့ ထောက်ပံ့နိုင်ရန် တပ်မတော်လေယာဉ်၊ ရေယာဉ်များဖြင့်လည်း ကူညီ ကယ်ဆယ်ရေးပစ္စည်းများ ပြန်လည်ထူထောင်ရေး ပစ္စည်းများပို့ဆောင်၍ လိုအပ်သည့်ဒေသများသို့ နေ့စဉ်ဖြန့်ဝေလျက်ရှိကြောင်း၊ ယင်းသို့ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရာတွင် အမှန်တကယ် လိုအပ်နေသည့် နေရာများသို့ အလေအလွင့်မရှိစေဘဲ အချိန်မီရောက်ရှိစေရေးနှင့် စနစ်တကျ လက်ဝယ်ရောက်ရှိစေရေးအတွက် တပ်မတော်အရာရှိကြီးများကို မြို့နယ်အလိုက် တာဝန်ပေးအပ်ပြီး စိစစ်ကြပ်မတ်ဆောင်ရွက် ပေးလျက်ရှိကြောင်း။
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်
    ထို့ပြင် မုန်တိုင်းဒဏ်သင့် ဒေသများအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အလှူရှင်များ ကလည်း ဝိုင်းဝန်းလှူဒါန်းမှုများရှိကြောင်း၊ မုန်တိုင်းလွန်ကာလတွင် စားရေရိက္ခာဖူလုံစေရေး၊ သန့်ရှင်းသည့်သောက်သုံးရေရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရေး၊ ဆေးရုံနှင့် ကျောင်းများကို အမြန်ဆုံး ပြန်လည်ပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဦးစားပေးပြုပြင်ရန် သတ်မှတ်ထားသည့် စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ သာသနိက အဆောက်အဦများ ပြုပြင်ခြင်း၊ စစ်တွေမြို့ပေါ် ရပ်ကွက်များအတွင်း သန့်ရှင်းသာယာလှပရေးအတွက် ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် လျှပ်စစ်မီးနှင့်ဆက်သွယ်ရေးလိုင်းများ အမြန်ဆုံး ပြန်လည်ရရှိစေရေးကိုလည်း ဆောင်ရွက်လျက်ရှိ‌ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ တိုင်း‌ဒေသကြီးနှင့် ပြည်နယ်များမှ ပရဟိတ အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများက ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပါက မူလအခြေအနေသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိလာမည် ဖြစ်ကြောင်း ပြောကြားသည်။
    ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ရခိုင်ပြည်နယ်အတွင်း တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှု၊ မုန်တိုင်းဒဏ်သင့် IDP စခန်းများနှင့် ယာယီ တိုက်ပွဲရှောင်စခန်းများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ထိခိုက်ပျက်စီးခဲ့သည့် ဒေသများ ပြန်လည်သန့်ရှင်းသာယာလှပစေရေးအတွက် ပူးပေါင်းအဖွဲ့များ စုဖွဲ့၍ ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မုန်တိုင်းမဝင်ရောက်မီ ရွှေ့ပြောင်းရေးလုပ်ငန်းများ ‌ဆောင်ရွက်ခဲ့မှု၊ မုန်တိုင်းအလွန် မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် စားရေရိက္ခာ လုံလောက်စေရေး ဖြည့်တင်းဆောင်ရွက်နေမှု၊ ကူညီထောက်ပံ့ရေး ပစ္စည်းများ အမှနတကယ် လိုအပ်သည့် ဒေသများသို့ စနစ်တကျစိစစ်၍ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေနေမှု အခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။
    ယင်းနောက်စစ်တွေမြို့ မြို့မိမြို့ဖများက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့ ကျွမ်းကျင်ရာ ကဏ္ဍများအလိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားရမည့်လုပ်ငန်းစဉ်များကို ဝိုင်းဝန်အကြံပြု ဆွေးနွေးကြရာ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
    ညနေပိုင်းတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် တို့သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် သဘာဝဘေး ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ကြသည်။
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး
    အစည်းအဝေးတွင် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ထောက်ပံ့ရေးပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် ဘေးအန္တရာယ်မဖြစ်စေရန် သတ်မှတ်ကုန်ချိန်အတိုင်း တင်ဆောင်ရေး၊ ထောက်ပံ့ရေးပစ္စည်းများ သတ်မှတ်ဒေသများသို့ အမြန်ဆုံးရောက်ရှိအောင် စနစ်တကျ စီမံဆောင်ရွက်သွားရေး၊ ကျန်းမာရေး စောင့်ရှောက်မှု အတွက် အထူးကုဆရာဝန်ကြီးများ စေလွှတ်သည့် ဒေသအလိုက် စောင့်ရှောက်မှုပေးနိုင်မှု အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ တင်ပြသွားရေး၊ တည်ဆောက်ရေးပစ္စည်းများကို ဦးစားပေး ပြုပြင်ရမည့် အခြေအနေအလိုက် အစီအစဉ်တကျ ထောက်ပံ့သွားရေးတို့နှင့်စပ်လျဉ်း၍ လမ်းညွှန်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

video-upload