နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရခိုင်ပြည်နယ် သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် ဇွန် ၁၄
ရခိုင်ပြည်နယ် သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ရာ အမျိုးသားသဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒေါက်တာအောင်ကျော်မင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှင်းလင်းဆွေးနွေး
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့က မိုခါမုန်တိုင်း တိုက်ခတ်ခဲ့မှုနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ကူညီ ကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သဘာဝဘေးအန္တရာယ် ကျရောက်ရာဒေသများသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့မှု၊ မုန်တိုင်းဒဏ်ကြောင့်ထိခိုက်ပျက်စီးမှု အခြေအနေ စစ်ဆေးတွေ့ရှိချက်များ၊ ဆက်သွယ်ရေးကဏ္ဍဆောင်ရွက်မှုအခြေအနေများ၊ စစ်တွေမြို့တွင်း ကေဘယ်ကွန်ရက်များ ပြုပြင်မှုအခြေအနေများ၊ လျှပ်စစ်ကဏ္ဍဆောင်ရွက်မှုအခြေအနေများ၊ လျှပ်စစ် ဓာတ်အားအမြန်ရရှိရေး ပြင်ဆင်စုဖွဲ့ဆောင်ရွက်နေမှု၊ သောက်သုံးရေရရှိရေးကဏ္ဍအလိုက် ဆောင်ရွက် ထားရှိမှုအခြေအနေများ၊ ပညာရေးကဏ္ဍ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကျန်းမာရေးကဏ္ဍ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လမ်းတံတားကဏ္ဍ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းကဏ္ဍ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပျက်စီးဆုံးရှုံးမှုများအား ပြန်လည် ထူထောင်ရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု၊ ကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိဖြန့်ခွဲမှု အခြေအနေများ နှင့် အလှူငွေများ လက်ခံရရှိမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများက ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ခဲ့မှုအပေါ် ကူညီကယ်ဆယ်ရေး၊ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် လိုအပ်သည်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

တိုးတက်မှုများစွာ တွေ့ရှိရ
ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရှင်းလင်း ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး အမှာစကား ပြောကြားရာတွင် ပြန်လည်ထူထောင်ရေးကာလအတွင်း တာဝန်ယူဆောင်ရွက်နေသော ဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ ကြိုးပမ်းဆောင်ရွက်မှု၊ ဒေသခံပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် မြင်သာသော တိုးတက်မှုများတွေ့ရကြောင်း၊ အလားတူ မောင်တောနှင့် ဘူးသီးတောင်တို့တွင်လည်း တိုးတက်မှုများစွာတွေ့ရှိရကြောင်း၊ တာဝန်ရှိသူများအနေဖြင့် အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက် သွားရန်လိုကြောင်း၊ စီမံမှုကောင်းစွာဖြင့် တာဝန်ရှိသူများ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြု ပါကြောင်း။
စိုက်ပျိုးရေးနှင့်ပတ်သက်၍ ဒေသနှင့်ကိုက်ညီသော မျိုးစပါးများ အချိန်မီရောက်ရှိအောင် စီမံ ပေးလျက်ရှိပြီး အမှန်တကယ်စိုက်ပျိုးမည့် တောင်သူများအနေဖြင့် စိုက်နည်းလေးသွယ်နှင့်အညီ ကြိုးစား ဆောင်ရွက်ရန်လိုကြောင်း၊ မိုးစပါးထွန်ယက်ရေးအသုံးပြုရန်အတွက် စက်မှုလယ်ယာဦးစီးဌာနမှ ရခိုင်ပြည်နယ်အတွင်း လိုအပ်သော မြို့နယ်များသို့ လယ်ထွန်စက် ၈၅ စီးဖြင့် ထွန်ထယ်လုပ်ငန်းများကို ဆောင်ရွက်သွားရန် စီမံထားပြီးဖြစ်ကြောင်းနှင့် လက်တွန်းလယ်ထွန်စက်များအား ထပ်မံပို့ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။ ဝန်ကြီးဌာနအလိုက် အဆောက်အဦများ ပြုပြင်ရာတွင် ငွေကြေးသုံးစွဲမှု နှင့်ပတ်သက်၍ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရန်လိုပြီး ဝန်ကြီးချုပ်၏ မူဝါဒဖြစ်သော မူလအခြေအနေထက် ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားရန်လိုကြောင်း။
စားသောက်ကုန်နှင့်ပတ်သက်၍ ပြည်သူအားလုံး လုံလောက်စွာ စားသောက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းကုန်ဈေးနှုန်းကြီးမြင့်မှု မရှိစေရေး စားသောက်ကုန်ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး အသား၊ ငါး၊ ဥနှင့် ဟင်းသီးဟင်းရွက်များအား တစ်ပိုင်တစ်နိုင်နှင့် တစ်အုပ်တစ်မ စီးပွားဖြစ် မွေးမြူ၊ စိုက်ပျိုးနိုင်ရေးထုတ်လုပ်နိုင်စေရန် ပြည်နယ်အစိုးရအဖွဲ့နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ ပေါင်းစပ်လျက် စတင်ဆောင်ရွက်ရန်လိုကြောင်း၊ လိုအပ်သည့် မတည် အရင်းအနှီးကိစ္စ၊ ခြံကွက်စနစ်မွေးမြူနိုင်ရေး လိုအပ်သော အဆောက်အဦ ဆောက်လုပ်ရေးကိစ္စနှင့် နည်းပညာနှင့် သွင်းအားစုစသည်တို့အား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီး ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး အမြန်ဆုံးစတင်အကောင် အထည်ဖော်ရန်လိုပါကြောင်း၊ Demand and Supply လိုအပ်ချက်အရ Demand ရှိပြီး Supply မရှိပါက သို့မဟုတ် မလုံလောက်ပါက ကုန်ဈေးနှုန်းမှာလည်း အလိုအလျောက် ကြီးမြင့်နေမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ တစ်ဖက်ကလည်း ကုန်ဈေးနှုန်းကြီးမြင့်မှုမဖြစ်စေရေး အထောက်အကူပြုသလို တစ်ဖက်ကလည်း ဒေသအတွက် အသား၊ ငါး၊ ဥနှင့် ဟင်းသီးဟင်းရွက်များ ဖူလုံစေရေးကို ကြိုးပမ်းအကောင်အထည်ဖော်ကြရန်လိုကြောင်း၊ ယင်းသို့ လုပ်ဆောင်မှုသည် Cash For Work Program တစ်ခုအဖြစ် ဖော်ဆောင်ရာရောက်ပါကြောင်း၊ စားရေရိက္ခာ ပြည့်ဝဖူလုံမှသာ ဒေသခံပြည်သူများအနေဖြင့် မိမိတို့၏ ဝမ်းရေးအတွက် အဓိက လိုအပ်သည့် မိုးစပါးစိုက်ပျိုးရေးကိုလည်း အင်ပြည့်အားပြည့်ဖြင့် ဆောင်ရွက်အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း။
လျှပ်စစ်ဓာတ်အား အမြန်ဆုံးပေးနိုင်ရန်ကြိုးပမ်း
ဆက်သွယ်ရေးကဏ္ဍ ဆောင်ရွက်မှုအနေဖြင့် ရေဒီယိုစခန်း ၁၂၃၃ ခုရှိသည့်အနက် ၈၉၂ ခု ပြန်လည်ပြင်ဆင်ခဲ့ပြီးဖြစ်၍ ၉၉ ဒသမ ၀၃ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ရာ ရာနှုန်းပြည့်ပြီးစီးအောင် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လျှပ်စစ်ကဏ္ဍအနေဖြင့် ပုဏ္ဏားကျွန်း - စစ်တွေ အမှတ်(၁)  ဓာတ်အားလိုင်းမှ ဇွန် ၆ ရက်တွင် စစ်တွေ ၆၆ ကေဗွီ ဓာတ်အားခွဲရုံ အမှတ်(၁)သို့လည်းကောင်း၊ ဇွန် ၈ ရက်တွင် စစ်တွေဓာတ်အားခွဲရုံ အမှတ်(၂)ဆက်ရိုးကျဓာတ်အားခွဲရုံသို့လည်းကောင်း ဓာတ်အားများ ပို့လွှတ်ခဲ့ပြီး စုစုပေါင်းထရန်စဖော်မာ ၂၄၅ လုံး ဖြင့် စစ်တွေမြို့အတွင်း ရပ်ကွက် ၃၃ ရပ်ကွက်သို့ ရာနှုန်းပြည့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း၊ ပုဏ္ဏားကျွန်း ၁၀/၀ ဒသမ ၄ ကေဗွီ ဓာတ်အားခွဲရုံမှ စုစုပေါင်းထရန်စဖော်မာ ၂၉ လုံးဖြင့် ဇွန် ၇ ရက်တွင် မြို့ပေါ်ရပ်ကွက်များအားလုံးသို့ ရာနှုန်းပြည့် ဓာတ်အားဖြန့်ဖြူးပေးနိုင်သည်ကို တွေ့ရှိရကြောင်း၊ ဆက်လက်၍လည်း ကျန်ရခိုင်ပြည်နယ်အတွင်း မြို့နယ်များအား ဇူလိုင်လပထမပတ်အပြီး လျှပ်စစ်ဓာတ်အားအမြန်ဆုံးပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက် ရန်လိုကြောင်း။
သန့်ရှင်းသောသောက်သုံးရေ ရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် မုန်တိုင်းဒဏ်သင့်ဒေသများတွင် သောက်သုံးရေသန့်ရရှိရေးအတွက် ယာဉ် ၁ စီး၊ တစ်နာရီ သန့်စင်ရေ ဂါလန် ၈၀၀ ထွက်ရှိသော ရွေ့လျားရေသန့်စင်ကား ၆ စီးကို စစ်တွေ၊ မင်းပြား၊ ရသေ့တောင်မြို့များတွင် ဖြန့်ခွဲထားပြီး တစ်ရက်လျှင် ရှစ်နာရီကြာ ရေဂါလန် ၃၂၀၀၀ ခန့် ဖြန့်ဝေပေးလျက်ရှိကြောင်း၊ ဆက်လက်၍လည်း သောက်သုံးရေလုံလောက်စွာရရှိရန် စီမံ ဆောင်ရွက်လျက်ရှိကြောင်း၊ ထပ်မံ၍လည်း စစ်တွေဆိပ်ကမ်းသို့ ရောက်ရှိပြီးဖြစ်သည့် Life Straw အလုံး ၂၁၀ နှင့် Mobile ရေတင်စက်များကိုလည်း အမြန်ဆုံး ဖြန့်ဝေပေးရန်လိုကြောင်း။
စစ်တွေမြို့နယ်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း၊ စစ်တွေတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်များကို လိုအပ်သော သန့်ရှင်းရေးနှင့် အဆောက်အဦပြင်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ဇွန် ၁ ရက်နေ့မှစ၍ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ အလားတူ အခြေခံ ပညာကျောင်းများကိုလည်း ဇွန် ၁ ရက်တွင် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီး ကျောင်းသား ကျောင်းသူ ဦးရေ ၄၉၂၀၀၀ ကျော် တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း။
ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၇ မြို့နယ်တွင်ရှိသော ပြည်သူလူထုများအား မြို့နယ်ဆေးရုံ ၁၇ ရုံ၊ တိုက်နယ်ဆေးရုံ ၄၃ ရုံတွင် လည်းကောင်း၊ အထူးကုဆေးအဖွဲ့နှစ်ဖွဲ့၊ အရေးပေါ်တုံ့ပြန်ရေးဆေးအဖွဲ့ (Rapid Response Team) ရှစ်ဖွဲ့ဖြင့်လည်းကောင်း၊ မေ ၁၆ ရက်နေ့မှ ယနေ့အချိန်အထိ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိရာ ယခုအချိန် အထိ ပြင်ပလူနာ ၁၇၂၃၉ ဦး၊ အတွင်းလူနာ ၃၃၅၂၇ ဦးတို့ကို ကုသပေးနိုင်ခဲ့ပါကြောင်း။
လမ်း၊ တံတားများ စတင်ပြန်လည်တည်ဆောက်
သဘာဝဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော လမ်း၊ တံတားများတွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေဘဲ အမြန်ဆုံးဖြတ်သန်း သွားလာနိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့နှစ်ဖွဲ့၊ တံတားအထူးအဖွဲ့ ခုနစ်ဖွဲ့မှ ယာယီဘေလီတံတားများ တည်ဆောက်နိုင်ရန်အတွက် မေ ၁၆ ရက်မှ စတင်ပြီးတည်ဆောက်ရေးပစ္စည်းများ စုဆောင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး မေ ၁၈ ရက်မှစ၍ လမ်း၊ တံတားများကို စတင်ပြန်လည် တည်ဆောက်လျက်ရှိကြောင်း။
နိုင်ငံတကာ၏ ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးပို့လှူဒါန်းမှုနှင့်ပတ်သက်ပြီး ဆောင်ရွက်ပြီး/ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ပတ်သက်၍ IDP များနှင့် ဘင်္ဂါလီများအပေါ် ထောက်ပံ့ပေးမှုများအနေဖြင့် ပြည်နယ်အစိုးရ ခွင့်ပြုချက်ရယူ၍ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန် လိုကြောင်း၊ မိုခါမုန်တိုင်းဒဏ်ခံရသည့် နေရာများသို့ ကယ်ဆယ်ရေး၊ ကူညီရေး၊ ထောက်ပံ့ရေး ပစ္စည်းများကို အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနမှတစ်ဆင့် နိုင်ငံ၏ဗဟိုချက် ဖြစ်သော ရန်ကုန်တိုင်းဒေသကြီး၊ DMC သို့ ပေးအပ်လှူဒါန်းနိုင် ပါကြောင်း၊ ထို့အဖွဲ့မှတစ်ဆင့် ရေယာဉ်၊ လေယာဉ်များဖြင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ ဖြန့်ဝေစေလိုသော လိုအပ်သည့်နေရာများကို ဆက်လက် ဖြန့်ဖြူးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အဆိုပါ ကိစ္စရပ်သည် နားလည်မှုလွဲမှားနိုင်သော အချက်ဖြစ်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တာဝန်ပေးထားသည့် ကြီးကြပ်ရသော ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များအနေဖြင့် သတိထားလိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ Humanitarian Country Team အဖွဲ့နှင့် ကူညီရေးလုပ်ငန်းများ ဆက်သွယ်ဆောင်ရွက်ခြင်း၊ The Secretary General of ASEAN as the ASEAN Humanitarian Assistance Coordinator(SG-AHAC) လာရောက်၍ ပျက်စီးမှုအခြေအနေများ ကြည့်ရှုမည့်အပေါ်သဘောတူခွင့်ပြုခဲ့ခြင်း၊ နိုင်ငံတကာအကူအညီများနှင့် ပတ်သက်၍ စနစ်တကျရှိစေရေး On-Side Operation Coor-dination Centre ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်း များရှိ၍ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်
ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဒေသခံပြည်သူများ အမြန်ဆုံး စိတ်အေး ချမ်းသာစွာဖြင့် မိမိလုပ်ငန်းများလုပ်ကိုင်နိုင်ရေး နိုင်ငံတော်အဆင့်၊ ပြည်နယ်အဆင့်၊ ခရိုင်/မြို့နယ် အဆင့်တို့မှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း။
ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိပြီး ရခိုင်ပြည်နယ်အား မူလအခြေအနေထက် ပိုမို ကောင်းမွန်ရမည်ဟူသော နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ညီညွတ်သောပေါင်းစည်းစွမ်းအားဖြင့် အားလုံး ပူးပေါင်းဆောင်ရွက်သွားရန် လိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
 

Post Paragraph
video-upload