နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ် အတွင်း အထင်ကရနေရာများသွားရောက်လေ့လာ ကချင်တိုင်းရင်းသားတို့၏ အနုပညာလုပ်ငန်း တိုးတက် အောင်မြင်စေရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား  ဇန်နဝါရီ  ၁၁
   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် ယနေ့ နံနက် ၈ နာရီခွဲတွင် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာကြပြီး ကချင်အနုပညာရှင် အသင်းချုပ် ဗဟိုကော်မတီရုံး၌ ကချင်တိုင်းရင်းသားတို့၏ အနုပညာလုပ်ငန်းများ တိုးတက်အောင်မြင်လာစေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြသည်။
   ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်းတို့နှင့်အတူ    ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမောင်မောင်အုန်း၊ ဦးလှမိုး၊ ဦးသောင်းဟန်၊ ဦးအောင်နိုင်ဦး၊ ဒေါက်တာညွန့်ဖေ၊ ဦးမင်းသိန်းဇံ၊ ဦးမျိုးသန့်၊ ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့်  ဦးဇော်အေးမောင်၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဝိုင်းမော်မြို့နယ်  မိုင်းနားကျေးရွာအုပ်စုအတွင်း ဧရာဝတီ မြစ်ကမ်းဘေး ရွှေမိုးတောင်ပေါ်ရှိ ရဟန္တာတစ်ထောင် ရှင်ပင်မြတ်စွာ ဆုတောင်းပြည့် စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ကြပြီး စေတီတော်အား လက်ယာရစ်လှည့်လည်ပူဇော်၍ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုး ကြကာ စေတီတော်ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
   ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်း ဧရာဝတီမြစ်ကမ်းဘေးရှိ ကရိန်နော် အပန်းဖြေရိပ်သာသို့ သွားရောက်ပြီး အပန်းဖြေရိပ်သာအတွင်း အပန်းဖြေရိပ်သာထူထောင်ခဲ့သူ ဒူဝါ ကရိန်နော်၏ မှတ်တမ်းဓာတ်ပုံများနှင့် အပန်းဖြေရိပ်သာအတွင်း လှည့်လည်ကြည့်ရှုကြသည်။
   ထို့နောက် မြစ်ကြီးနားတက္ကသိုလ်သို့ ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ တက္ကသိုလ်သန့်ရှင်းသာယာလှပမှု၊ မိန်းလမ်းမကြီး တစ်လျှောက် လမ်းလယ်ကျွန်းများတွင် ပန်းပင်များ စိုက်ပျိုးထားရှိမှုနှင့် ဘွဲ့နှင်းသဘင်ခန်းမတို့ကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများ ဘော်လီဘော၊ ဖူဆယ်ဘောလုံးအားကစားနည်းများ လေ့ကျင့်ကစားနိုင်ရေးအတွက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အားကစား အထောက်အကူပြုပစ္စည်းများ ကူညီဖြည့်ဆည်းပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးကြသည်။

   ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းသို့သွားရောက်ပြီး မြန်မာနိုင်ငံ ကချင်လူမျိုး ရိုးရာယဉ်ကျေးမှု အသင်းဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး မနောအိမ်တော်ရှေ့နှင့် မနောကွင်းအတွင်း၌ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
   ဆက်လက်၍ အဆိုပါမနောကွင်းအတွင်းရှိ ကချင်အနုပညာရှင်များ အသင်းချုပ်ဗဟို ကော်မတီရုံးသို့ သွားရောက်ပြီး ကချင်အနုပညာရှင်များအသင်းဥက္ကဋ္ဌ ဒါရိုက်တာ JZ ဒေါင်လွမ်း၊ အသင်းရုံးတာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီး မိတ်ဆက်တွေ့ဆုံကာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ကချင်ပြည်နယ်၏ သဘာဝပတ်ဝန်းကျင်အလှအပများ၊ တိုင်းရင်းသားတို့၏ ဓလေ့ထုံးစံများနှင့် ပြည်နယ်၏ဂုဏ်ကိုဖော်ကျူးသည့် ဇာတ်လမ်းများ ရိုက်ကူးထုတ်လုပ်နိုင်ရေး၊ မျိုးဆက်သစ်တိုင်းရင်းသား အနုပညာရှင်များ မွေးထုတ်နိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆွေးနွေးကြကာ အသင်းအတွက် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ကြသည်။
   မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် တပ်မတော် အထူးလေယာဉ်ဖြင့် မြစ်ကြီးနားလေဆိပ်မှ ပြန်လည်ထွက်ခွာရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့များက လိုက်ပါ နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
 

Post Paragraph
video-upload