နိုင်ငံတော်သမ္မတ ဦးထင်ကျော် ငလျင်ဒဏ်သင့်ခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေမှ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများ ကြည့်ရှုစစ်ဆေး

နေပြည်တော် သြဂုတ် ၂၅
     နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း သြဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရှေးဟောင်း စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။
     နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာဖေမြင့်၊ ဦးဝင်းခိုင်တို့နှင့်အတူ နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ မွန်းလွဲ ၂ နာရီတွင် ညောင်ဦးမြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်သမ္မတနှင့် အဖွဲ့အား ပုဂံရှေးဟောင်းယဉ်ကျေးမှုပြတိုက်၌ ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပုဂံနှင့် ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှုဒေသအတွင်း ငလျင်ဒဏ်ကြောင့် ဘုရား၊ စေတီပုထိုးများပျက်စီးမှု၊ ရှေးဟောင်းပစ္စည်းများ မှတ်တမ်းတင် သိမ်းဆည်းနိုင်ရေးအတွက် နယ်မြေ ၁၁ ခု သတ်မှတ်၍ ခွဲဝေတာဝန် ပေးအပ်မှုနှင့် လုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့က ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဖြည့်စွက်တင်ပြကြသည်။
     ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက ပျက်စီးစာရင်းများအား စနစ်တကျပြုစုထားရန်နှင့် သာသနာရေးဆိုင်ရာ ရှေးဟောင်းအမွေအနှစ်ပစ္စည်းများအား စနစ်တကျထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးခရီးသည်များ လာရောက်ကြရာတွင် အခွင့်အရေး ဆုံးရှုံးမှုမရှိစေဘဲ ဖူးမြော်လေ့လာ
     ခွင့်ရရှိစေရေး၊ ပျက်စီးမှုမရှိသောနေရာများတွင် လွတ်လပ်စွာလေ့လာခွင့်ပြုသွားရန်နှင့် ပျက်စီးမှုရှိသော နေရာများတွင်လည်း အနီးစပ်ဆုံးဝင်ရောက်နိုင်သော နေရာအထိ ဝင်ရောက်ဖူးမြော်လေ့လာ မှတ်တမ်းယူနိုင်ရေး ဆောင်ရွက်ပေးရန်၊ လာရောက်လေ့လာသူများ စိတ်အနှောင့်အယှက် မဖြစ်စေရေး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ပျက်စီးသွားသည့် စေတီပုထိုးများအား မိုးဒဏ်ကြောင့် ပျက်စီးမှု ထပ်မံမဖြစ်ပေါ်စေရေး အတွက် အမိုးအကာများဖြင့် ဖုံးအုပ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ပုဂံ-ညောင်ဦးဒေသရှိ ပျက်စီးသွားသည့် ရှေးဟောင်းစေတီပုထိုးများကို ပြည်ပပညာရှင်များ၏ အကူအညီဖြင့် ပေါင်းစပ်၍ အချိန်ယူပြီး ရှေးမူမပျက် စနစ်တကျ ပြန်လည်ပြုပြင်သွားမည် ဖြစ်ကြောင်းနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မှာကြားသည်။
     ထို့နောက်နိုင်ငံတော်သမ္မတထံ ပုဂံ-ညောင်ဦးဒေသ ပျက်စီးမှုများ ပြန်လည်ပြုပြင်ရန်အတွက် ရွှေသံလွင်ကုမ်္ပဏီက ငွေကျပ်သိန်း ၁၀၀၀၊ ဇေကမ္ဘာကုမ္ပဏီက ငွေကျပ်သိန်း ၁၀၀၀ နှင့် Amazing ဟိုတယ်အုပ်စုက ငွေကျပ်သိန်း ၅၀၀ တို့ကို ပေးအပ်လှူဒါန်းသည်။
     ထို့ပြင် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းက ငွေကျပ်သိန်း ၂၀၀၀ နှင့် MRTV-4 က ငွေကျပ်သိန်း ၃၀၀ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပေးအပ်လှူဒါန်းထားသည်။
     ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် ငလျင်ဒဏ်သင့်ခဲ့သည့် ပုဂံညောင်ဦးဒေသရှိ ဂူပြောက်ကြီး၊ ထီးလိုမင်းလို၊ စူဠာမဏိ၊ ပြဿာဒ်ကြီး၊ ဓမ္မရံကြီး၊ စေတနာကြီးဘုရား စသည့်စေတီဘုရားပုထိုးများသို့ သွားရောက်ဖူးမြော်ပြီး ပျက်စီးခဲ့မှုများကို ကြည့်ရှုစစ်ဆေးကာ ပြန်လည်ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်သွားရန်မှာကြားသည်။
ပုဂံ-ညောင်ဦးဒေသတွင် ငလျင်ဒဏ်သင့်ပြီးချိန်မှစတင်၍ အပျက်အစီးများအား ဖယ်ရှားခြင်း၊ ကူညီကယ်ဆယ်ခြင်း လုပ်ငန်းများကို ဒေသဆိုင်ရာအာဏာပိုင်များ၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများ စုပေါင်းရှင်းလင်း ဆောင်ရွက်လျက်ရှိပြီး လတ်တလောစာရင်းများအရ ပုဂံ-ညောင်ဦးဒေသတွင် စေတီပုထိုးပေါင်း ၁၈၇ ဆူခန့် ထိခိုက်ခဲ့ကြောင်း သိရသည်။
     လတ်တလော အပျက်အစီးများကြောင့် ဘုရားဖူးပြည်သူများ ဝင်ရောက်ဖူးမြော်မှု ခေတ္တပိတ်ထားမည့်  စေတီ၊ ဘုရား၊ ပုထိုး ၃၃ ဆူရှိရာ ယင်းတို့မှာ စေတနာကြီး၊ သာယာဝတေ့၊ ကျောင်းကြီးညီအစ်မ၊ သီရိဂူပြောက်၊ စူဠာမဏိ၊ ပြဿာဒ်ကြီး၊ ဓမ္မရံကြီး၊ ဆင်ဖြူရှင်၊ ရွှေဆံတော်၊ လောကထိပ်ပန်၊ မြေပုံသာဘုရားလှ၊ လောကဥသျှောင်၊ နန်းဘုရား၊ အပါယ်ရတနာ၊ နဂါးရ၊ုံ မနူဟာ၊ စိုးမင်းကြီး၊ မြင်းကပါဂူပြောက်ကြီး၊ မြစေတီ၊ ရွှေစေတီ၊ ထီးလိုမင်းလို၊ ရွှေလိပ်တူး၊ သိကြားဟစ်၊ သိကြားပုန်း၊ ဥပါလိမ်၊ ဝက်ကြီးအင်းဂူပြောက်ကြီး၊ ဝက်ကြီးအင်းဂူပြောက်ငယ်၊ တရုတ်ပြေး၊ အဇ္ဇဂေါဏ၊ ဘုရားသုံးဆူ၊ နန္ဒပညာ၊ ဝိနည်းဓိုရ်အစု၊ လောကနန္ဒာဘုရားနှင့် တက်သိမ်းဘုန်းကြီးကျောင်းတို့ ဖြစ်ကြောင်းသိရသည်။
(သတင်းစဉ်)