ကျိုင်းတုံမြို့နယ်တွင် မက်ကျန်း-တုံကွမ်ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းနှင့် နမ့်အောချောင်းတွင် သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း ရှမ်းပြည်နယ် (အရှေ့ပိုင်း) နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (ကျိုင်းတုံ) မှ ဒုတိယညွှန်ကြားရေးမှူး ဦးသီဟဇော်ထံမှ သိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ကတ်ထိုက်ကျေးရွာအုပ်စု မက်ကျန်း-တုံကွမ် ကျေးရွာတွင်းလမ်း အရှည်ပေ ၂၃၁၀ ကွန်ကရစ်ခင်းခြင်းနှင့် နမ့်အောချောင်းတွင် အရှည် ၂၅ ပေ သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁၇၇ ဒသမ ၈၈၁ သန်းဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ဒုတိယပတ်တွင် လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ မတ် ၁၈ ရက်တွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးကြောင်း သိရသည်။
“ကျိုင်းတုံမြို့နယ်မှာ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေဖြစ်တဲ့ မက်ကျန်း-တုံကွမ် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းတဲ့လုပ်ငန်းနဲ့ နမ့်အောချောင်းမှာ သံကူကွန်ကရစ်တံတား တည်ဆောက်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဒေသခံတိုင်းရင်းသားတွေ သွားလာရေး အဆင်ပြေချောမွေ့စေဖို့အတွက်ပါ။ ကျိုင်းတုံမြို့နယ်အတွင်းက ကျေးရွာ ၂၅ ရွာ အိမ်ခြေ ၁၀၀၅ လုံးက လူဦးရေ ၈၆၅၃ ဦးအတွက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အကျိုးပြုစေမှာပါ။ ကျေးရွာတွေကထွက်ရှိတဲ့ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းတွေကိုလည်း ကျိုင်းတုံမြို့ပေါ်ကို ကုန်ကျစရိတ်သက်သာစွာနဲ့ တင်ပို့ရောင်းချနိုင်တော့မှာပါ။ လုပ်ငန်းတွေကို သတ်မှတ်စံချိန်စံညွှန်းအတိုင်း အချိန်မီ ပြီးစီးအောင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါတယ်” ဟု ဦးသီဟဇော်က ပြောသည်။
ကျိုင်းတုံမြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး လမ်း၊ တံတားလုပ်ငန်းများကို ရာနှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်၍ ဒေသခံများအနေဖြင့် အဆင်ပြေချောမွေ့စွာ သွားလာအသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းရရှိပါသည်။