ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) ၂၀၁၇-၂၀၁၈ ပညာသင်နှစ် အမှတ်စဉ် (၁၆) သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်

နေပြည်တော် နိုဝင်ဘာ   ၂   
    ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာရရှိသည့် ကျောင်းသား(၁၈၃)ဦးတို့၏ သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနား ကျင်းပသည်။
    အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦး၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်) ကျောင်းအုပ်ကြီး ဒေါက်တာမင်းသန့်၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းဆင်းကျောင်းသားများနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က နိုင်ငံတော်အစိုးရသည် တိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်ရှေးရှုပြီး တိုင်းရင်းသားများ၏ ဘဝနောင်ရေး အတွက် အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် အသက်မွေးဝမ်းကြောင်းပညာရပ်များ သင်ကြားပေး၍ မိမိဒေသ ဖွံ့ဖြိုးရေးတာဝန်များကို ကိုယ်ပိုင်အသိစိတ်ဓာတ်ဖြင့် ထမ်းဆောင်နိုင်စေရန်အတွက် ကောင်းမြတ်သည့် ရည်ရွယ်ချက်များဖြင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) ကို တည်ထောင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း။
    ဒီဂရီကောလိပ်(ရန်ကုန်)၏ သက်တမ်းတလျှောက် ယနေ့သင်တန်းဆင်းမောင်တို့အပါအဝင် ဝိဇ္ဇာဘွဲ့(၄၄၉)ဦး၊ သိပ္ပံဘွဲ့(၁၁၂၇)ဦး၊ A.G.T.I ဒီပလိုမာ(၅၉၂)ဦးနှင့် အင်ဂျင်နီယာနည်းပညာဘွဲ့ (၁၃၅)ဦး၊ စုစုပေါင်း(၂၃၀၃)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း။
    သင်တန်းဆင်းများမှ နိုင်ငံတာဝန်ထမ်းဆောင်ရင်း ဆက်လက်ပညာဆည်းပူးခဲ့ကြတဲ့အတွက် Ph.D ဘွဲ့ (၃၂)ဦး၊ မဟာဝိဇ္ဇာဘွဲ့ (၁၀၇)ဦး၊ မဟာသိပ္ပံဘွဲ့ (၂၃၈)ဦး၊ မဟာသုတေသနဘွဲ့ (၉၉)ဦး၊ B.E (၁၉၉)ဦး၊ M.E (၅၇)ဦး ရရှိပြီးဖြစ်ကြောင်း။
    သင်တန်းဆင်းပြီး နိုင်ငံ့တာဝန်များ ထမ်းဆောင်ရာမှာ မိမိတို့တတ်မြောက်ထားတဲ့ ပညာရပ်တွေနဲ့ ဒေသမှာ အမှန်ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို စာတွေ့လက်တွေ့ကျကျ ပေါင်းစပ် အသုံးချပြီး တိုင်းရင်းသားလူမျိုးများရဲ့ နယ်စပ်ဒေသအလျင်အမြန် တိုးတက်စေရေး၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းများကို တာဝန်သိတဲ့စိတ်၊ တာဝန်ယူတဲ့စိတ်၊ တာဝန်ခံတဲ့စိတ်ဓာတ်တို့ဖြင့် ဆောင်ရွက်သွားကြဖို့လိုကြောင်း။
    မိမိတို့အနေနဲ့ ကျင့်ဝတ်သိက္ခာပြည့်စုံခြင်း၊ အဂတိတရားကင်းရှင်းခြင်း၊ ဘက်လိုက်မှု ကင်းရှင်းခြင်း၊ တာဝန်ခံမှုရှိခြင်း စတဲ့ အချက်များအပေါ်  အခြေခံပြီး  ပြည်သူများအတွက် အစိုးရကို ကိုယ်စားပြုနေတဲ့ နိုင်ငံ့ဝန်ထမ်းများရဲ့ ရိုးဖြောင့်မှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုနှင့် ပွင့်လင်းမြင်သာမှု တို့ဖြင့် နိုင်ငံတော်နှင့် ပြည်သူများအကြား  ယုံကြည်မှုများ တိုးပွားလာသူများဖြစ်အောင်  ကြိုးစား နေထိုင်ကြရမှာဖြစ်ကြောင်း၊  ဝန်ထမ်းကောင်း တစ်ယောက်ဖြစ်ဖို့ ရိုးဖြောင့်မှုရယ်၊ တာဝန်သိစိတ်၊ တာဝန်ခံစိတ်၊ တာဝန်ယူစိတ်ရှိဖို့ အထူးအရေးကြီးကြောင်း။
    မိမိ တိုင်းရင်းသားလူမျိုးအသီးသီးရဲ့ ဒေသဖွံ့ဖြိုးရေး၊ ဒေသတည်ငြိမ်အေးချမ်း သာယာရေး အတွက် လူမျိုးစွဲ၊ ဒေသစွဲ၊ ဘာသာစွဲ၊ ဝါဒစွဲများ စသည့် အစွန်းရောက်စွဲလန်းမှုများ ကင်းဝေးအောင် ကြိုးပမ်းရေးတို့မှာ  စိတ်ရောကိုယ်ပါ  ပါဝင်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း။
    ဒီဂရီကောလိပ်ကျောင်းတော်ကြီးက သင်ကြားပေးလိုက်တဲ့ ပညာရပ်များနှင့် ITနည်းပညာများကို နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ဖို့ တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာရပ် အသီးသီးကိုလည်း ဆက်လက်စူးစမ်းလေ့လာ၊ လေ့ကျင့်၊ လိုက်နာဆောင်ရွက်သွားကြဖို့ လိုအပ်ကြောင်း။
    ကျောင်းတော်ကြီးမှာ တိုင်းရင်းသားအားလုံး အတူတကွ စုပေါင်းနေထိုင်ပြီး ပညာသင်ယူ ခဲ့ကြတဲ့အတွက် အချင်းချင်း ပေါင်းသင်းဆက်ဆံရေး မျှတမှု၊ တစ်ဦးအပေါ်တစ်ဦး နားလည်ခွင့်လွှတ်မှုတို့ဖြင့်  လူမှုဆက်ဆံရေးကိုလည်း ကောင်းစွာ နားလည်သဘောပေါက်ကြသူများ၊ အချိန်ကို လေးစားတန်ဖိုးထားပြီး စနစ်တကျ စီမံခန့်ခွဲတတ်သူများ၊ ကျန်းမာသန်စွမ်းအောင် ပြုမူပြောဆို စားသောက်နေထိုင် လှုပ်ရှားအားကစား လုပ်ကြသူများ၊ ဖျတ်လတ်သူများ၊ ငွေကြေးသုံးစွဲရာတွင်လည်း အသုံးနဲ့အဖြုန်း ခွဲခြားသိမြင်နိုင်သူများ၊ ဘဝမီးရှူးတန်ဆောင် အလင်းရောင်ပေးမဲ့  စာပေဖတ်ရှု လေ့လာခြင်းတွင်လည်း ဝါသနာထုံသူများ၊ လူတိုင်းရဲ့ အခြေခံလိုအပ်ချက် စားဝတ်နေရေးအတွက် စိုက်ပျိုးရေး မွေးမြူရေးတွင်လည်း လက်တွေ့သင်ယူလေ့လာခဲ့ကြသူများ၊ အထွေထွေဘက်စုံ ကဏ္ဍစုံအား နားလည်သိရှိ လုပ်ကိုင်ဆောင်ရွက်နိုင်မည့် အခြေခံကောင်းများကို ဤကျောင်းတော်ကြီးမှ သင်ကြားလေ့ကျင့် ပေးလိုက်တဲ့အတွက် တိုးတက်လာတဲ့ အသိဉာဏ်တွေနဲ့ ကိုယ့်ဘဝခရီး ဖြောင့်ဖြူးတည့်မတ်စေရန်  မှန်မှန်ကန်ကန် လျှောက်လှမ်းနိုင်ကြသူများဖြစ်အောင် မိမိကိုယ်ကို အလေးထား၊ ပတ်ဝန်းကျင်ကို အလေးထား အမှတ်တမဲ့ဆိုတာ မရှိစေဘဲ အမြဲအသိ သတိတရားနဲ့ စဉ်းစားတွေးခေါ် လုပ်ကိုင်ဆောင်ရွက်သွားကြဖို့ လိုအပ်ကြောင်း။
    ဘယ်နေရာ ဘယ်ဒေသကိုပဲ ရောက်ရောက် တိုင်းရင်းသား လူမျိုးတွေရဲ့ ယဉ်ကျေးမှု၊ စာပေနဲ့ ဓလေ့ထုံးစံတွေကို အစဉ်မြတ်နိုးစွာ ထိန်းသိမ်းပြီး တိုင်းရင်းသားလူမျိုးတွေ မျက်စိပွင့် နားပွင့် ဗဟုသုတပွားများစေရေးအတွက် စွမ်းနိုင်သမျှ ကြိုးပမ်းအားထုတ်ကြရမှာဖြစ်ကြောင်း၊ မိမိတတ်သိ ထားတဲ့ အသိပညာ၊ အတတ်ပညာတွေကို တိုင်းရင်းသားလူငယ်များရဲ့ လူ့စွမ်းအားအရင်းအမြစ် တိုးပွားလာအောင် တတ်စွမ်းသရွေ့ ကူညီဆောင်ရွက်ပေးကြရင်း တိုင်းရင်းသားတို့ရဲ့ နယ်မြေဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွား ဘဝဖွံ့ဖြိုးရေးကို အထောက်အပံ့ပြု ဖော်ဆောင်ရမှာဖြစ်ကြောင်း။
    ယနေ့ နိုင်ငံတော်မှာ တစ်နိုင်ငံလုံးရဲ့ လူကြီး/လူငယ်၊ ကျား/မ မရွေး အန္တရာယ်ကျရောက် လာနိုင်တဲ့ မူးယစ်ဆေးဝါးကိစ္စနဲ့ ပတ်သတ်၍လည်း မိမိကိုယ်တိုင် ကင်းကင်းရှင်းရှင်း ရှိကြဖို့ ထိန်းထိန်း သိမ်းသိမ်းနေဖို့လိုကြောင်းနှင့် တာဝန်ကျရာ ဒေသတွေမှာရှိတဲ့ တိုင်းရင်းသား လူကြီး/ လူငယ်၊ ကျား/ မ အားလုံး မူးယစ်ဆေးဝါးနဲ့ပတ်သက်သော လမ်းမှားမရောက်စေဖို့  မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းကာကွယ်ရေး လုပ်ငန်းတွေမှာ တိုင်းရင်းသားပြည်သူတို့နဲ့ အတူ အားကြိုးမာန်တက် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း။
    ကျင့်ဝတ်သိက္ခာပြည့်စုံခြင်း၊ အဂတိတရားကင်းရှင်းခြင်း၊ ဘက်လိုက်မှု ကင်းရှင်းခြင်း၊ တာဝန်ခံမှုရှိခြင်း စတဲ့အခြေခံမူများအပေါ် တည်ဆောက်ထားတဲ့ လုပ်ရည်ကိုင်ရည်နှင့် ယုံကြည်ချက် ခိုင်မာမှုရှိတဲ့ ပြည်သူ့ ဝန်ထမ်းများဟာ ကောင်းမွန်သော ဒီမိုကရေစီကျင့်စဉ်ရဲ့ ကျောရိုး မဏ္ဍိုင်များဟု သိရှိနားလည်ပြီး ပြည်သူ့အကျိုးသယ်ပိုးတဲ့ ပြည်သူက လေးစားအားကိုးရတဲ့ နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် ရပ်တည်နေထိုင်ကြရမှာဖြစ်ကြောင်း။
    နိုင်ငံတော်အစိုးရက ကြိုးစားအကောင်အထည်ဖော်နေတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမှ ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်နေတဲ့အပေါ် မိမိတို့ တာဝန်ကျရာ ဒေသတွေမှာ အပစ်အခတ်ရပ်စဲရေး၊ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရေးတွေမှာလည်း တစ်တပ် တစ်အား ပါဝင်ကူညီ ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း။
    နိုင်ငံတော်ရဲ့ ကျေးဇူးတရား၊ ကျောင်းတော်ကြီးရဲ့ ကျေးဇူးတရားများကို အမြဲစောင့်သိပြီး ဒီဂရီကောလိပ်က သင်ကြားပို့ချပေးလိုက်တဲ့ ဘက်စုံပညာရပ်တွေကို မိမိတို့ တာဝန်ကျရာဒေသ တွေမှာ ကိုယ်စီကိုယ်စီ အသုံးချပြီး နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒေသခံတိုင်းရင်းသားတွေရဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင်နှင့် လူမှုစီးပွားဘဝ မြင့်မားအောင် ဆောင်ရွက်ပေးရင်း မိမိကိုယ်ကိုလည်း ပိုမိုတတ်သိနားလည် ရင့်ကျက်သူများဖြစ်အောင် ဆက်လက်ပြုစု ပျိုးထောင်ပြီး နယ်မြေဒေသလူထုအား ဦးဆောင်လမ်းပြနိုင်သည့် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာစေရေး အမြဲနှလုံးသွင်း ကြိုးစားကျင့်ကြံကြပါ။ နိုင်ငံတော်က အားကိုးအားထားပြုရသည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာအောင် ဆောင်ရွက်နိုင်သူများဖြစ်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ဝိဇ္ဇာထူးချွန်ဆုရရှိသူ မောင်စသက်မောင်မောင်စိုး၊ သိပ္ပံထူးချွန်ဆုရရှိသူ မောင်လှိုင်မင်းကျော်နှင့် A.G.T.I ထူးချွန်ဆုရရှိသူ မောင်အောင်မျိုးခန့်တို့အား ဆုများပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ဝန်ကြီးဌာ (၁၃) ခုနှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ (စစ်ကိုင်း) တို့မှ ကိုယ်စားလှယ်များက သင်တန်းဆင်း ကျောင်းသား (၁၈၃)ဦးတို့ကို အလုပ်ခန့်အပ်လွှာများပေးအပ်သည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းဆင်းကျောင်းသားများနှင့် မိဘများကို ခင်မင် ရင်းနှီးစွာနှုတ်ဆက်ပြီး ဘွဲ့နှင်းသဘင်ဧည့်ခန်း၌ ထူးချွန်ဆုရကျောင်းသားများအား အားပေးစကား ပြောကြားသည်။
    ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် သင်တန်းဆင်းကျောင်းသား များနှင့် အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
    ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့က သင်တန်းဆင်းကျောင်းသားများအား ဂုဏ်ပြု ညနေစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်(ရန်ကုန်)တွင် ယနေ့ ကျင်းပသော အမှတ်စဉ်(၁၆) သင်တန်းဆင်းပွဲ၌ တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ တိုင်းရင်းသားလူငယ် (၁၈၃)ဦး တက်ရောက် အောင်မြင်ခဲ့ကြောင်း သတင်းရရှိသည်။