ရခိုင်မြေ အေးချမ်းသာယာပါစေကြောင်း

အနောက်ဘက်ယွန်းယွန်း အရပ်ဒေသများကနေ ရောက်ရှိလာတတ်သောကြောင့် အနောက်နွား ဟု ခေါ်ကြသလားတော့ မပြောတတ်ပါ။ အနှီ အနောက်နွားတစ်ကောင်ကို ကျပ်လေးရာ၊ လေးရာ့ငါးဆယ်နှင့် ဝယ်လို့ရသောခေတ်၌ ကျွန်တော်လူဖြစ်ခဲ့သည်ဟုလည်း ပြောနိုင်ပါ သည်။ လှည်းယဉ်(ရွာမှာတော့ လှည်းယဉ်ကို မောင်းလှည်းဟုလည်း ခေါ်တတ်ကြ၏)မောင်း ရန်ဝါသနာပါသော ကျောင်းဆရာ ကျွန်တော့် အဖေကိုယ်တိုင် အနောက်နွားတစ်ကောင်ကို ထိုဈေးနှင့် ဝယ်ခဲ့ဖူးသည်ကိုလည်း အမှတ်ရနေမိ ၏။ အဖြူရောင်နွားကလေးမို့ စံပယ်ဟု အမည် ပေးခဲ့ကြသည်။
စံပယ်ကဲ့သို့ အနောက်နွားတော်တော်များ များသည် အနောက်ရိုးမကိုကျော်၍ ကျွန်တော် တို့အရပ်ဒေသများဆီသို့ မကြာမကြာရောက် လာတတ်ကြသည်မှာ အုပ်လိုက်အုပ်လိုက်။ ရွာ က လူတွေကိုယ်တိုင် အနောက်ရိုးမ (ရခိုင်ရိုးမ)ကိုကျော်၍ ဂွမြို့နှင့် ကျိန္တလီဒေသများထိသွားကာ ထိုဒေသထွက် ငါးပိငါးခြောက်ငါးခြမ်းများ ထမ်းပိုးသယ်ယူ ရောင်းဝယ်ခဲ့ကြသည်ကိုလည်း မြင်ဖူးခဲ့သည်။ ပြောရလျှင် ရခိုင်ပြည်နယ်အတွင်း က ထိုဒေသများနှင့် ကျွန်တော့်ဇာတိမြေ ဧရာ ဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် အနောက်ခြမ်းဒေသများက အိမ်ဦးနှင့်ကြမ်းပြင် ပမာ ဝေးကွာလှသည်တော့မဟုတ်ပေ။ သို့သော် ငယ်စဉ်က မရောက်ဖူးခဲ့။ မှတ်မှတ်ရရ ၁၉၆၈-၁၉၆၉ နှစ်များမှ ၁၉၇၁-၁၉၇၂ အထိ အချိန် ကာလများသည် ဧရာဝတီတိုင်းဒေသကြီးတစ်ခု လုံးတွင် ဗကပများအား ဖြတ်လေးဖြတ် စစ်ဆင် ရေးကြီးများဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက် နေချိန်ဖြစ်သည်။ ရခိုင်ဒေသနှင့်လည်း ဆက်စပ် နေသည်။ ပဲခူးရိုးမရှိ ဗကပဗဟိုဌာနချုပ်ကို မြစ်ဝ ကျွန်းပေါ်တိုင်း ဗကပအဖွဲ့မှ ထောက်ပံ့မှုပေးနေ သောကာလ ဖြစ်သည်။ မိုးဟိန်းစစ်ဆင်ရေး၊ ရွှေလဝင်းစစ်ဆင်ရေးများဖြင့် စတင်ခဲ့ပြီး တိုင်းမှူး ဗိုလ်မှူးကြီးသန်းတင်လက်ထက် (နောင် တွင် ဗိုလ်မှူးချုပ်သန်းတင်- ဒုတိယဝန်ကြီးချုပ်) တိုင်းလုံးအောင်စစ်ဆင်ရေး၊ ဧရာမင်းစစ်ဆင် ရေးတို့ဖြင့် ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးကို အဖြူရောင်နယ်မြေ ဖြစ်စေခဲ့သည်။ တည်ငြိမ် အေးချမ်းစေခဲ့၏။ တိုင်းမှူးကိုယ်တိုင် ရှေ့တန်း ကွပ်ကဲမှုဌာနချုပ် ကွင်းကောက်စခန်းမှာ လာ ထိုင်ပြီး စစ်ဆင်ရေးကွပ်ကဲခဲ့ပုံတွေ၊ အနောက် ရိုးမတောင်ခြေ၌ ဖြတ်လေးဖြတ်စစ်ဆင်ရေးဖြင့် ဗိုလ်အောင်ဖေကို အသေဖမ်းဆီးရမိပုံတွေကို ဗိုလ်မှူးချုပ်သန်းတင်(ငြိမ်း) ရေးသားပြုစုခဲ့ သော အမျိုးသားစာပေဆုရ စစ်ဆင်ရေးပြီး စစ်ဆင်ရေးမှ ကိုယ်တွေ့ဖြစ်ရပ်များ စာအုပ်တွင် အသေးစိတ် ပြန်လည်ဖတ်ရှုလေ့လာခဲ့ရသည်။
ငယ်စဉ်ကလေးဘဝကတော့ ဘာရယ်လို့ မဟုတ်၊ တိုင်းမှူးက ရဟတ်ယာဉ်နှင့် သဲနုကုန်း ရွာသို့ဆင်းလျှင် ရဟတ်ယာဉ်မမြင်ဖူး၍ သွား ကြည့်သည်။ ဖြတ်လေးဖြတ်စစ်ဆင်ရေးကာလ မှာ စုပုံထားသော တစ်နေ့ရိက္ခာဆန်ကို တစ်နေ့ စာ ဂိုဒေါင်တွေမှာ သွားထုတ်ဖူးသည်။ ရွာခြံ စည်းရိုးအတွက် ညှောက်ချွန်လျှင် လိုက်ချွန်သည်။ နှစ်ထပ်ခြံစည်းရိုးကာလျှင်လည်း ကူညီပြီး ကာပေးခဲ့ဖူးသည်။ ရွာထိပ်လုံခြုံရေးကင်းတဲ မှာလည်း အိပ်ခဲ့ဖူးသည်။ ပြည်သူ့စစ်သင်တန်း တွေ ပေးနေတာတွေ့လျှင် ဝေးဝေးကနေလှမ်း ကြည့်သည်။ အတိုချုံးတင်ပြရလျှင် ၁၉၇၃ ခုနှစ် တွင် ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံး တည်ငြိမ် အေးချမ်းခဲ့ပြီးနောက် ငါးသိုင်းချောင်း-ဂွ-သံတွဲ ကားလမ်းတွေ ပေါ်ပေါက်လာကာ အရှေ့ အနောက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန် စေခဲ့သည်။
ငယ်စဉ်က ကျွန်တော်မရောက်ဖူးခဲ့သော ရခိုင်ပြည်နယ်ထဲက သံတွဲနှင့်ဂွဒေသသို့ ရခိုင် ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက် ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ၏ ခရီးစဉ်နှင့်အတူ မနေ့တစ်နေ့ကမှ ရောက်ဖူး ခဲ့ရသည်။ တစ်ချိန်က မငြိမ်းချမ်းခဲ့သော အနောက် ရိုးမတောင်တန်းကြီးကိုကျော်၍ မိမိတို့ရွာရှိရာ ဘက်သို့ လှမ်းမျှော်ကြည့်မိသောအခါ လွန်ခဲ့သော နှစ်ပေါင်း ၅ဝ ခန့်က နေ့စဉ်နီးပါးကြားနေရသော သေနတ်သံတွေကို ပြန်လည်ကြားယောင်နေမိ သည်။ တစ်နည်းဆိုရသော် ကျွန်တော်တို့ရွာက လူတွေ၊ ကျွန်တော်တို့ ဒေသကလူတွေ ငြိမ်းငြိမ်း ချမ်းချမ်းသွားလာနေထိုင်ကြရသည်မှာ နှစ်ပေါင်း ၄ဝ မက ရှိလာပါပကောလား။
တစ်ဆက်တစ်စပ်တည်းပြောရလျှင် ရခိုင် ပြည်နယ်မှာလည်း ဗကပရှိခဲ့ဖူးသည်။ ဗကပ (ရခိုင်ပြည်နယ်) ဦးစောထွန်းဦးအဖွဲ့က ၁၉၉၇ ခုနှစ် ဧပြီ ၆ ရက်တွင် တရားဥပဒေဘောင် အတွင်း ဝင်ရောက်ခဲ့ကြပြီးဖြစ်သည်။ ထိုနည်း တူစွာ ၂ဝဝ၂ ခုနှစ်တွင် ဦးသန်းရွှေဦးစီးသောAA အဖွဲ့သည်လည်းကောင်း၊ ၂ဝဝ၄ ခုနှစ်တွင် ဦးမြထွန်းဦးစီးသောDPA အဖွဲ့တို့သည်လည်း ကောင်း တရားဥပဒေဘောင်အတွင်း ဝင်ရောက် ခဲ့ကြသည်။ မိမိတို့ကိုယ်တိုင် ဧရာဝတီတိုင်းဒေသ ကြီးအတွင်း တည်ငြိမ်အေးချမ်းမှု ရှိခြင်းနှင့် မရှိ ခြင်းတို့၏ သရုပ်သကန်ကို မှန်ကန်စွာ ခွဲခြားသိမြင်နိုင်ခဲ့သည့်နောက်ပိုင်း တပ်မတော်သားဘဝ တွင်ရော၊ နယ်ဘက်ဝန်ထမ်းဘဝတွင်ရော မိမိ ရောက်လေရာ နေရာဒေသအားလုံးကို တည်ငြိမ် အေးချမ်စေလိုသည့် ဆန္ဒများဖြစ်ပေါ်လာခဲ့ရ သည်။
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟို ကော်မတီဒုတိယဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၏ ခရီးစဉ်အတွင်း သြဂုတ် ၁၆ ရက် တွင် ကျောက်တော်နှင့် မြောက်ဦးဒေသများသို့ ရောက်ရှိခဲ့ရာ မဟာမြတ်မုနိရုပ်ပွားတော်မြတ် ကြီးအား ဒုတိယအကြိမ် ဖူးမြော်ကန်တော့ခွင့် ရခဲ့သည်။ မြောက်ဦးခရိုင်တွင် မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံ မြို့နယ်နှင့် ကမ်းထောင့်ကြီးမြို့တို့ပါဝင်ပြီး ရပ်ကွက် ပေါင်း ၃၄ ခု၊ ကျေးရွာအုပ်စုပေါင်း ၂၈၇ အုပ်စု၊ ကျေးရွာပေါင်း ၉၃၃ ရွာတို့ဖြင့် ဖွဲ့စည်းထားရှိသည်။
ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မွန်လတ်ထံမှ လက်ဆောင်ရရှိသောစာအုပ်ကို လေ့လာဖတ်ရှု ကြည့်ရာ မြောက်ဦးမြို့သည် ဓညဝတီ၊ ဝေသာ လီ၊ လေးမြို့၊ မြောက်ဦးစသည့် ခေတ်ကြီးလေး ခေတ်အနက် နောက်ဆုံးဖြစ်သော မြောက်ဦး ခေတ်၏ မြို့တော်ဖြစ်ကြောင်း၊ ယခင်က မြို့ဟောင်း မြို့ဟုခေါ်တွင်ခဲ့ပြီး ၁၉၇၈ ခုနှစ်တွင် လက်ရှိ အမည် မြောက်ဦးဟု ပြန်လည်မှည့်ခေါ်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ ကျောက်တော်မြို့ရာဇဝင်နှင့်ပတ်သက်၍လည်း မဟာသက္ကရာဇ် ၁၂၃ ခုနှစ်တွင် ဓညဝတီပြည့်ရှင် စန္ဒာသူရိယမင်းကြီး၏ ပင့်ဖိတ် လျှောက်ထားချက်အရ ဂေါတမမြတ်စွာရှင်သည် နောက်ပါရဟန်း ၅ဝဝ ခြံရံလျက် ဇေတဝန် ကျောင်းတော်မှ ြ<ွကရောက်တော်မူလာပြီး က္ဆပ နဒီမြစ်အရှေ့ဘက်ကမ်း သေလာဂရီမောရပဗ္ဗတ္တ တောင် (ယခု ကျောက်တော်တောင်)ပေါ်တွင် ရပ်နားတော်မူခဲ့ကြောင်း၊ အဆိုပါတောင်ကို အစွဲပြု၍ ကျောက်တော်မြို့ဟု ခေါ်တွင်ခဲ့ကြောင်း၊ လေးမြို့ခေတ်နှင့်မြောက်ဦးခေတ်တို့တွင် စပါး အဝယ်တော်စခန်းကြီးအဖြစ် ဖွင့်လှစ်ခဲ့ပြီး တဖြည်းဖြည်းစည်ကားလာကာ ၁၉၁ဝ ပြည့်နှစ် တွင် မြို့အဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း မှတ်သားရပါသည်။
ကျောက်တော်ဒေသသည် မြေဆီသြဇာ ကောင်းမွန်သောကြောင့် စပါးအထွက်နှုန်း မြင့် မားသည်။ ထိုဒေသတွင် တာဝန်ထမ်းဆောင် ခဲ့ဖူးသော ပြည်ထောင်စုဝန်ကြီးသည် ဒေသခံ ရပ်မိရပ်ဖများအား တွေ့ဆုံနှုတ်ဆက်ရာ၌ ကျောက်တော်ဒေသ မြေဆီသြဇာကောင်းမွန် ခြင်းနှင့်ပတ်သက်၍ သူတို့ဒေသမှာ မျိုးစပါးကိုနောက်ပြန်ကြဲလျှင်တောင် တစ်ဧက တင်း ၇ဝ တော့ အသာကလေးထွက်သည်ဟု ဒေသခံများ က ဂုဏ်ယူစွာပြောခဲ့ကြသည်။ မင်းပြားမြို့နှင့် ပတ်သက်၍လည်း ဝေသာလီနောက်ဆုံး မင်းဆက် စူဠမဟာရာဇာ (ခ) စူဠစန္ဒြားမင်းသည် ရေလမ်းခရီးဖြင့် တိုင်းခန်းလှည့်လည်လာရာ စ္ဘလေသောင်ကျွန်းရေပြင်၏အလယ်၌ ဖောင် တော်တင်နေစဉ် ပတ်ဝန်းကျင်ကိုကြည့်ရှုခဲ့ရာ မင်းပြားမြို့တည်မည့်နေရာကို မြင်ခဲ့ကြောင်း၊ ထိုနေရာ၌ မြို့ရွာတည်ချ၍ ဖြစ်ပေလတ္တံ့ဟု မင်း မိန့်ညွှန်ပြခြင်းကိုအစွဲပြုကာ မင်းပြမှ မင်းပြား ဖြစ်လာကြောင်း၊ မြေပုံမြို့ဆိုသည်မှာလည်း ဝတီလေးရပ်အုပ်ချုပ်ရေးနယ် ဓညဝတီစီရင်စု နယ်မြေတွင်ပါဝင်သော ရှေးဟောင်းမြို့ဖြစ် ကြောင်း၊ မြေပုံမြို့တည်နေရာသည် ကြပ်စင် ကျွန်း၏တောင်ဘက်တွင် တည်ရှိနေသဖြင့် ပင်လယ်ဒီလှိုင်းများ နှစ်ရှည်လများရိုက်ခတ်၍ သဲသောင်များစုပုံထွန်းရာမှ မြေပုံဟု အမည် တွင်လာကြောင်း မှတ်သားရပါသည်။
သြဂုတ် ၁၇ ရက်နေ့တွင် စစ်တွေမှတစ်ဆင့် သံတွဲမြို့ကို လေယာဉ်ဖြင့် ထွက်ခွာကြရာ ကျောက်ဖြူလေဆိပ်၌ ခေတ္တရပ်နားကြပါသည်။ ကျောက်ဖြူကို မရောက်ဖူးသော်လည်း ကျောက် ဖြူနှင့်ရမ်းဗြဲကျွန်းတို့၏ အငွေ့အသက်ကို ခံစား လိုက်ရသည်။ သံတွဲသို့ရောက်ရှိပြီးနောက် တောင်ကုတ်မြို့သို့ ခရီးဆက်ခဲ့ကြသည်။ တောင် ကုတ်မြို့၌ ဒေသခံများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆိုင်ရာများ ကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် တောင်ကုတ်မြို့မှ သံတွဲသို့ ညဦးပိုင်းတွင် ပြန်လည်ဝင်ရောက်ခဲ့ကြပြီး နောက်တစ်နေ့နံနက်ပိုင်း၌ ဒေသခံတိုင်းရင်းသား များနှင့်တွေ့ဆုံကာ ရခိုင်ပြည်နယ် တည်ငြိမ်အေး ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆိုင်ရာ များ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
အလုပ်ကိစ္စတစ်ဖက်နှင့် ရောက်ရှိလာခဲ့ကြ သည်မို့ ငပလီကမ်းခြေကို အဝေးမှလှမ်း၍သာ ကြည့်ခဲ့ရသည်။ အပန်းဖြေရန်အတွက်မူ အခွင့် မသာခဲ့ပေ။ သံတွဲတွင် တာဝန်ထမ်းဆောင်ခဲ့ ဖူူးသော ကျွန်တော်၏သူငယ်ချင်း သန့်ဇင်က မိုးတွင်းကာလ လှိုင်းကြီးချိန်တွင် ပင်လယ်ထဲ ဆင်းပါက သတိထားရန်၊ လှိုင်းနှင့်အတူပါလာ သော ဒန်းကောင်များက လူကိုပတ်လျှင် အနာ တရဖြစ်တတ်၍ ဂရုစိုက်ရန် လှမ်း၍မှာကြားနေပါ သေးသည်။ ဒန်းကောင်တွေ့ဖို့ ဝေလာဝေး ရေ နှင့် ခြေထောက်ပင် မထိခဲ့ပါ။ သို့တစေ ယခု တစ်ခေါက် ရခိုင်ခရီးစဉ်တွင် နေရာဒေသအစုံ ရောက်ဖူးသွားခဲ့သဖြင့် စိတ်ကြည်လင်ချမ်းမြေ့ ခဲ့ရပါသည်။ မိမိ၏ဇာတိရပ်ရွာနှင့် ရေမြေတော တောင်သဘာဝချင်း ဆက်စပ်နေသော ဂွ၊ ကျိန္တလီ၊ သံတွဲဒေသများသို့ ရောက်ရှိစဉ် ကိုယ့် မြေကိုယ်ရေကို ပြန်လည်ရောက်ရှိသလို ခံစားရ သည်။ မိမိတို့ရပ်ရွာဒေသတွေ တည်ငြိမ်အေး ချမ်းနေသလို ထိုဒေသများအပါအဝင် ရခိုင် ပြည်နယ်ကြီးတစ်ခုလုံး တည်ငြိမ်အေးချမ်း ဖွံ့ဖြိုး တိုးတတ်ပါစေကြောင်း ဆန္ဒပြုမိပါသည်။ ။

မြင့်စိုး(နတလ)