သထုံ၊ စက်တင်ဘာ ၁၄
သထုံမြို့နယ်၌လူငယ်စကားဝိုင်းကို ယမန်နေ့ညနေက လိပ်အင်းရပ်ကွက်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ဦးစွာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေး က လူငယ်စကားဝိုင်းပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာပညာရပ်များသာမက ပြင်ပစာအုပ်၊ စာပေတို့ကို လေ့လာ ခြင်းဖြင့် အသိပညာများ ဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာရေး ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ ဦးစွာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး က အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(သထုံ)မှ Grade-11 နှင့် Grade-10 ကျောင်းသား၊ ကျောင်းသူ ၄ ဦးတို့က လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်အောင်မြင်မှု၊ လူငယ်နှင့်ပေါင်းသင်း ဆက်ဆံရေး၊ လူငယ်တစ်ယောက်လျှောက်သောလမ်း ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ဆိုလိုရင်းနှင့် ၎င်းတို့၏အတွေ့အကြုံများ၊ အတွေးအခေါ် များတို့ကို ဆွေးနွေးကြရာ အစီအစဉ်တင်ဆက်သူက ပြန်လည်ဖြည့်စွက်ဆွေးနွေးပေးခဲ့သည်။