နယ်စပ်ရေးရာဝန်ကြီးဌာန စတုတ္ထအကြိမ် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပပြုလုပ်

ဖေဖော်ဝါရီလ ၃ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန စတုတ္ထအကြိမ် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲအား ယနေ့ ညနေပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးရုံး၊ ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများနှင့် ပြိုင်ပွဲဝင်အသင်းများ စုံညီစွာ တက်ရောက်ခဲ့ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ ကျင်းပပြုလုပ်သော မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲမှာ ၁၂ လရာသီပွဲတော်များ၌ စုပေါင်းအင်အားဖြင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ရသည့် ထူးခြားသော ရိုးရာပွဲတစ်ခုဖြစ်ပါကြောင်းနှင့် မည်သည့် အရာကိုမဆို စည်းလုံးညီညွတ်မှုဖြင့် ကျော်ဖြတ် အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင် အသင်းများ အနေဖြင့် စိတ်အားထက်သန်စွာဖြင့် စည်းစည်းလုံးလုံး တက်တက်ကြွကြွ ယှဉ်ပြိုင် သွားကြရန် မှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြိုင်ပွဲဝင်အသင်း များ၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို လိုက်လံ ကြည့်ရှု အားပေးခဲ့ပြီး ဆုရရှိသည့် အသင်းများ ကို ဆုများအသီးသီး ပေးအပ်ခဲ့ပါသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာန စတုတ္ထအကြိမ် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ဝန်ကြီးရုံး၊ ဦးစီးဌာနများမှ ပြိုင်ပွဲဝင် အသင်း ၃ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများ အနေဖြင့် အားကြိုး မာန်တက် ယှဉ်ပြိုင်ခဲ့ကာ ဝန်ထမ်းများကလည်း အိုးစည်၊ ဒိုးပတ်ဝိုင်းများဖြင့် ပျော်ရွှင်စွာ အားပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
 

video-upload