နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် ကချင်ပြည်နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

စက်တင်ဘာလ   ၂၈   ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးရန်နောင်၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် စက်တင်ဘာလ  ၂၇  ရက်နေ့ မွန်းလွှဲပိုင်းတွင် မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးသို့ ရောက်ရှိခဲ့ရာ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု  အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ဘဏ္ဍာနှစ်အလိုက် လျာထားလုပ်ငန်းများ ဆောင်ရွက်ရာ၌ နယ်မြေဒေသတည်ငြိမ်အေးချမ်းပြီး ဒေသခံတိုင်းရင်းသား ပြည်သူများအတွက် အမှန်တကယ် အကျိုးပြုမည့် လုပ်ငန်းများကို ဦးစားပေး ရွေးချယ်တင်ပြဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး ဝန်ထမ်းများအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ ကချင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဝန်ထမ်းအိမ်ရာသို့ ရောက်ရှိခဲ့ပြီး ဝန်ထမ်းများနှင့် မိသားစုဝင်များအား တွေ့ဆုံခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ 
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ရှိ အမှတ်(၂) နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ ကချင်ပြည်နယ်ဦးစီးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး နှင့်  ကချင်ပြည်နယ် လူငယ်သင်တန်းကျောင်း အမှတ်(၁)နှင့် အမှတ်(၂) ကျောင်းအုပ်များမှ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ပြီး ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအား  ဘက်စုံထူးချွန်သူများ၊ ဗလငါးတန်နှင့် ပြည့်စုံ၍ နောင်တစ်ချိန်တွင် နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေ‌ရေး၊ စာပေပညာရပ်များအပြင် စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပြီး ယုံကြည်ချက်၊ ခံယူချက်၊ အတွေးအခေါ်နှင့် ဆင်ခြင်တုံတရား မြင့်မားလာစေရေးအတွက် အလေးထား လေ့ကျင့်သင်ကြားပေးကြရန် မှာကြားခဲ့ပြီး ချီးမြှင့်ငွေများ ပေးအပ်ကာ ကျောင်းဝန်းအတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာနှင့် စာကြည့်တိုက်တို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့သည် စက်တင်ဘာလ  ၂၈  ရက်နေ့ နံ့နက်ပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တိုင်းရင်းသားအဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ၍  တိုင်းရင်းသားများ စည်းလုံးညီညွတ်စွာ  တစ်စိတ်တစ်ဝမ်တည်း ဆောင်ရွက်ကြရန်၊ တိုင်းရင်းသားလူမျိုးအားလုံးအနေဖြင့် ရိုးရာစာပေယဉ်ကျေးမှုများကို ထိန်းသိမ်းကြရန်၊  နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အတူလက်တွဲ ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။ 
ထို့နောက် တိုင်းရင်းသားအဖွဲ့များမှ တာဝန်ရှိသူများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ၊ တိုင်းရင်းသားရေးရာ ယဉ်ကျေးမှုနှင့်စာပေဆောင်ရွက်နေမှု အခြေအနေများအား တင်ပြခဲ့ပြီး  ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြမှုအပေါ်  ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၁) နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ဝန်ထမ်းများ၊ ကျောင်းသူများနှင့်  တွေ့ဆုံ၍ ကျောင်းဝန်းအတွင်းရှိ အိပ်ဆောင်၊ စာကြည့်တိုက်၊ စတိုဆောင်တို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ စားရိပ်သာ၌ ကျောင်းသူများနှင့်အတူ နေ့လယ်စာအား အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။