နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် ပူတာအို၊ ခေါင်လန်ဖူးနှင့် နောင်မွန်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

အောက်တိုဘာလ    ၂   ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့သည် နောင်မွန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအားတန်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ပူတာအိုမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဒုတိယညွှန်ကြားရေးမှူးက ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ထားရှိမှု၊ လူငယ်သင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှုသင်တန်း ကျောင်းအုပ်များက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၊ နည်းပြများ၊ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအမှာစကား ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ချီးမြှင့်ငွေ၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများအား အသီးသီးပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာလ ၃၀ ရက်နေ့တွင်  မဂွေဇ -ခေါင်လန်ဖူး ၆၅ မိုင် ၄ ဖာလုံ ကားလမ်းတစ်လျှောက် ဖောက်လုပ်ပြီးစီးခဲ့သည့် လမ်းများ ပြုပြင်ထိန်းသိမ်းလျက်ရှိသည့် အခြေအနေများ၊ လက်ရှိဘဏ္ဍာရေးနှစ်အတွင်း မိုးရာသီကာလ သဘာဝဘေးအန္တရာယ်‌ကြောင့် မြေပြိုလမ်း ပိတ်ဆို့နေမှုများအား ရှင်းလင်းဆောင်ရွက်ထားရှိမှု၊ ရှောင်ကွင်းလမ်းအသစ် ဖောက်လုပ်ထားရှိမှု၊ ကွန်ကရစ်တံတားများ ပျက်စီးမှုနေရာ၌ ရေကျော်များ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လမ်းရေရှည် တည်တံ့ခိုင်မြဲစေရန် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ၊  ထပ်မံအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ပြီး ဒေသခံတိုင်းရင်းသားများ၏ အကျိုးကိုရှေးရှု၍  လုပ်ငန်းများဆောင်ရွက်ရာ၌ အလေးထား  ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် အောက်တိုဘာလ  ၁  ရက်နေ့ နံနက်ပိုင်းတွင် ရီဒမ်းကျေးရွာမှ  ထွက်ခွာခဲ့ပြီး မဂွေဇ-ခေါင်လန်ဖူး ကားလမ်း မိုင်တိုင် ၃၄ မိုင် ၇ ဖာလုံ၌ မိုးရာသီကာလအတွင်း တောင်ကျ‌ရေ တိုက်စားမှုကြောင့် မြေပြိုလမ်းပိတ်ဆို့မှုများအား ရှင်းလင်း၍ ရှောင်ကွင်းလမ်း ဖောက်လုပ်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုအပေါ် လမ်းရေရှည် တည်တံ့ကောင်းမွန်စေရန်နှင့် နောင်မိုးရာသီကာလများတွင်လည်း မြေပြိုမှုများ မဖြစ်ပေါ်စေရေးအတွက် အဆင့်မြှင့်နည်းပညာများ လေ့လာသုံးသပ်၍ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားကြရန်မှာကြားခဲ့ပြီး ဆက်လက်ထွက်ခွာခဲ့ရာ  မွန်းလွှဲပိုင်းတွင် နောင်မွန်းမြို့သို့ ရောက်ရှိခဲ့ပြီး အထွေထွေအုပ်ချူပ်ရေးရုံးအတွင်းရှိ ဝဏ္ဏကျော်ထင် ဦးခူရှိန်ဖုန်း ခန်းမ၌ တိုင်းရင်းသားအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိ မြို့ဖများအား တွေ့ဆုံအမှာစကား ပြောကြားခဲ့ပြီး ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်ရှိသည်များ တင်ပြမှုအပေါ်  ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကာ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ 
ထို့နောက် နောင်မွန်း(အထက) ကျောင်းဝန်းအတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သည့် ခါကာဘို သစ်သားကျောင်းဆောင် ပြုပြင်ထိန်းသိမ်းခြင်းနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် နောင်မွန်း(အထက) အဝင်လမ်း ၆၀၀ ပေ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရာ၌ လိုအပ်လျက်ရှိသည့် စာသင်ခုံနှင့်  ထိုင်ခုံများအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ယင်းနောက် နောင်မွန်းခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီး ရုံးဝန်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ 
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် နောင်မွန်းမြို့မှ  ပူတာအိုမြို့သို့ ရောက်ရှိပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း မုဒုံ(အမက) ကျောင်းအဝင်လမ်း ၁၉၂၀ ပေ ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်နေမှုနှင့် ပန်းလှိုင်ရပ်ကွက်ရှိ မဟာမြတ်မုနိဘုရားကြီး ပရဝုဏ်အတွင်း၌ ဂန္ဓကုဋီတိုက် တည်ဆောက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။ ဆက်လက်၍ ပူတာအိုမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံသို့ ‌ရောက်ရှိခဲ့ပြီး ကျောင်းအုပ်ကြီး၊ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများအား တွေ့ဆုံအမှာစကား ပြောကြားခဲ့ပြီး ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကာ ဆရာ၊ ဆရာမများအား   ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ 
ပြည်ထောင်စုဝန်ကြီးသည် အောက်တိုဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင်  ပူတာအိုမြို့၊  ရဝမ်ရိုးရာယဉ်ကျေးမှုဝင်း အတွင်းရှိ ခါကာဘိုရာဇီခန်းမ၌ ယာယီတိုက်ပွဲရှောင် ပြည်သူများအား အခြေခံစားသောက်ကုန် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်များနှင့်အညီ နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပြည်နယ်/ ပြည်မ အကြား အလပ်မရှိ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေသကဲ့သို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများတွင် လိုအပ်သည့် ကူညီထောက်ပံ့မှုများအား ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက်လည်း ထောက်ပံ့မှုများအား ဘဏ္ဍာနှစ်အလိုက် ဘဏ္ဍာငွေ ရရှိမှုအပေါ် မူတည်၍ ထောက်ပံ့ပေးအပ်လျက်ရှိပါကြောင်း၊ နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် တိုက်ရိုက်အချိုးကျသည့်အတွက် နယ်မြေတည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုတိုးမြှင့် ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည့်အတွက် ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် နယ်မြေ တည်ငြိမ်အေးချမ်းရေး လုပ်ငန်းစဉ်များတွင်  ကျရာအခန်းကဏ္ဍမှ ပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။ 
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ယာယီတိုက်ပွဲရှောင် ပြည်သူများအား  အခြေခံစားသောက်ကုန်များအား ပေးအပ်ခဲ့ကြပြီး ယာယီတိုက်ပွဲရှောင် ပြည်သူများကိုယ်စား တိုင်းရင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ 
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ယာယီတိုက်ပွဲရှောင် ပြည်သူများအား  အားပေးစကား ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက အခက်အခဲ တင်ပြချက်များအား ဖြည့်ဆည်းပေးခဲ့ပြီး အစည်းအ‌ဝေးသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ 
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ပူတာအိုမြို့နယ်၌ ဒီဂရီကောလိပ် ဖွင့်လှစ်မည့် လျာထားမြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခဲ့ပါသည်။ ယင်းနောက် အစိုးရစက်မှုလက်မှုသိပ္ပံသို့ ရောက်ရှိပြီး ဒီဂရီကောလိပ်နှင့် ပူးတွဲဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ကောလိပ်အတွင်းရှိ စာသင်ဆောင်များနှင့် သင်ထောက်ကူပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိခဲ့ရာ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ချီးမြှင့်ငွေများပေးအပ်ကာ ရုံးဝန်းအတွင်းလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post Paragraph
video-upload