နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ကယားပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဇူလိုင်လ   ၁၈   ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇူလိုင်လ  ၁၆  ရက်နေ့ နံနက်ပိုင်းတွင် ဆိုက်ခေါင်မြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ရောက်ရှိခဲ့ရာ  သင်တန်းခန်းမ၌ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့်  အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတို့မှ ကျောင်းအုပ်များက သင်တန်းကျောင်း ဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းသူများနှင့် တွေ့ဆုံအမှာ စကားပြောကြားခဲ့ပြီး လူငယ်သင်တန်းကျောင်းနှင့် အိမ်တွင်းမှုသင်တန်းကျောင်းများ တည်ဆောက်နိုင်ရေးအတွက် မြေယာလှူဒါန်းပေးခဲ့သည့် ဆိုက်ခေါင်မြို့နယ်အတွင်းရှိ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကာ အခမ်းအနားသို့ တက်ရာက် လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ 
ယင်းနောက် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းဝန်းအတွင်းရှိ စာကြည့်တိုက်၊ အိပ်ဆောင်များ၊ နှစ်ရှည်သီးနှံပင်များ၊ ရာသီသီးနှံပင်များ စိုက်ပျိုးထားရှိမှု အခြေအနေများအား  လိုက်လံကြည့်ရှုစစ်ဆေးပြီး စားရိပ်သာ၌ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ နေ့လယ်စာ သုံးဆောင်ခဲ့ပါသည်။ 
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ဆိုက်ခေါင်)သို့ ရောက်ရှိခဲ့ပြီး သင်တန်းသူများ၏ လက်တွေ့သင်ကြားနေမှုများ၊ ချုပ်လုပ်ထားရှိသည့် လက်ရာများ၊ ဝန်ထမ်းသက်သာချောင်ချိရေးအတွက် ဆောင်ရွက်ထားရှိသည့် ဥစားကြက် မွေးမြူရေးခြံတို့အား  ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကယားပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းစိုးအောင် လိုက်ပါလျက် လွိုင်ကော်မြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ ကယားပြည်နယ် ဖွံ့ဖြိုးရေး ကြီးကြပ်ရေးမှူးမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊  ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးမှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ သင်တန်းကျောင်း ကျောင်းအုပ်များမှ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ  ရှင်းလင်းတင်ပြမှုများအပေါ်  ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ 
၎င်းနောက် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ‌ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီး ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကာ ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ကျောင်းဝန်းအတွင်းရှိ အိပ်ဆောင်များ၊ စာကြည့်တိုက်၊ ရိက္ခာစတိုဆောင်၊ ဥစားကြက်မွေးမြူရေးခြံတို့အား ကြည့်ရှုစစ်ဆေးခဲ့၍ လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ 
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇူလိုင်လ ၁၇  ရက်နေ့ နံနက်ပိုင်းတွင် ကယားပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးနှင့် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း(လွိုင်ကော်) တို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။ ထို့နောက် နောင်ယား(က) ရပ်ကွက်ရှိ ကယားပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဝန်ထမ်းအိမ်ရာဝန်းအတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စက်မှုဇုန်-လင်ဖုံလေး ကျေးရွာချင်းဆက် ကျောက်ချောလမ်း ၁ မိုင် ၄ ဖာလုံ ကတ္တရာခင်းခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ရာ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ပြီး လမ်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက် ပြီးစီးခဲ့သည့် လွယ်တမူ-ဖားတီမော ကျေးရွာချင်းဆက်လမ်း ၆ ဖာလုံ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး  လိုအပ်သည်များ မှာကြားခဲ့ပါ သည်။ 
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇူလိုင်လ  ၁၈  ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိခဲ့ပြီး ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေး၊ ဆောင်ရွက်ပြီးစီးခဲ့သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် ဒေသခံ ပြည်သူများမှ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်နိုင်ရေး စည်းရုံးဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး ဝန်ထမ်းများအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကာ ရုံးဝန်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် အေးသာယာမြို့ရှိ စွယ်တော်ကျောင်းတိုက် ဆရာတော်အား ဖူးမြှော်ကြည်ညို၍ နယ်စပ်ရေးရာဝန်ကြီးဌာနမှ နှစ်စဉ်ထောက်ပံ့လှူဒါန်းလျက်ရှိသည့် ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထု ပစ္စည်းတို့အား  ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ 
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ပင်းတယမြို့နယ်၊ သစ်အယ်ပင်- ထယ်သွန်းလမ်း ၁၉၈၅ ပေ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း၊ ရွှေပုထိုးကျေးရွာ(တောင်ပိုင်း-၁)နှင့် (တောင်ပိုင်း-၂) တို့တွင် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ယင်းနောက် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း(ပင်းတယ)သို့ ရောက်ရှိခဲ့ပြီး သင်တန်းကျောင်းအုပ်မှ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးကလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး ချီးမြှင့်ငွေများ ပေးအပ်၍ ကျောင်းဝန်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကာ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ နေ့လည်စာ သုံးဆောင်ခဲ့ပါသည်။ 
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောင်ပန်းမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုသင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်းကျောင်း ကျောင်းအုပ်မှ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ပြီး ဝန်ထမ်းများ၊ သင်တန်းသားများအတွက် ချီးမြှင့်ငွေများ ပေးအပ်ကာ ဘာသာရပ်အလိုက် လေ့ကျင့်သင်ကြားနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

video-upload