နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi အား လက်ခံတွေ့ဆုံ

စက်တင်ဘာလ ၉ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. Filippo Grandi အား ယနေ့ နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
    ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံအတွင်းရှိ နယ်စပ်ဒေသများ တည်ငြိမ်‌အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသများတွင် နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၏ လူမှု စီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံတော်အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီ များ ပံ့ပိုးဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း၌ နယ်မြေတည်ငြိမ်အေးချမ်းမှု ရရှိလာပါက နေရပ်စွန့်ခွာသွားသူများအား ၎င်းတို့၏ ဆန္ဒအလျောက် ဘေးကင်းပြီး ဂုဏ်သိက္ခာ ရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် ဆက်လက်ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ UNHCR နှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
    အဆိုပါတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
 

Post Paragraph
video-upload