
နေပြည်တော် မတ် ၂၀ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့် နှင့် တာဝန်ရှိသူများ လိုက်ပါလျက် မတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် သထုံမြို့ရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများအား သင်တန်းကျောင်းခန်းမ၌ တွေ့ဆုံ၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး က မွန်ပြည်နယ်အတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ပြည်နယ်တာဝန်ခံအရာရှိ က လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းကျောင်းများ ဖွင့်လှစ် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အချိန်မီ ပြီးစီးအောင် ဆောင်ရွက်သွားရန်၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာတွင် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာပြီး ထူးချွန် ထက်မြက်သော နိုင်ငံ့ သားကောင်း၊ သမီးကောင်းများ ဖြစ်ပေါ်လာစေရေး အလေးထား ပြုစုပျိုးထောင် ပေးသွားရန်နှင့် ဝန်ထမ်းရေးရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးမှာကြား၍ သင်တန်းကျောင်းနှင့် သထုံခရိုင် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးဝန်းများအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ချောင်းဆုံမြို့နယ် အတွင်း ဒေါင်းဥကျေးရွာနှင့် ဒရယ်ကျေးရွာ တို့အား ဆက်သွယ်မည့် ကလွီရွာရှောင်ကွင်းလမ်း ဖောက်လုပ်နိုင်ရေးအတွက် အကြိုအင်ဂျင်နီယာလုပ်ငန်းများ တိုင်းတာဆောင်ရွက်ထားရှိမှုအခြေအနေ အား ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များနှင့် ဒေသခံများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။