နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် သင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေးခြင်း

နေပြည်တော်  ဖေဖော်ဝါရီ  ၂၃
        နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် အင်ဂျင်နီယာမှူးကြီးဦးခင်မောင်လတ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်းသို့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ ၊ ၁၀:၃၀ နာရီအချိန် ရောက်ရှိကာ ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် (၄)ထပ်စာသင်ဆောင် ၊ မော်တော်ယာဉ်ဂိုဒေါင်၊ ဒုတိယ ကျောင်းအုပ်ကြီးနေအိမ် ဆောက်လုပ်နေမှုများ နှင့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်(ရန်ကုန်)၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် (၄)ထပ်စာသင်ဆောင်၊ (၃)ထပ် ဆရာမများဆောင် ၊ စုပေါင်းစာသင်ခန်းမ တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး အဆောက်အဦးများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းနှင့် အညီ အရည်အသွေးပြည့်မီစေရေး၊ ကျောင်းမှအရည်အသွေး စစ်ဆေးရေး အဖွဲ့များကစနစ်တကျ စစ်ဆေး ဆောင်ရွက်သွားရေးကို မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
        ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) (၃)ထပ်ပင်မစာသင်ဆောင်၌ ကျောင်းအုပ်ကြီး၊ ပါမောက္ခ၊ ဌာန မှူးများ၊ ဆရာ/ဆရာမများနှင့် တွေ့ဆုံကာ ကျောင်းအုပ်ကြီး၏ ကျောင်းပိုင်းဆိုင်ရာ ရှင်းလင်းချက် များနှင့် ဆရာ/ဆရာမများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ပြီး ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်(၁)ခုနှင့် ဒီဂရီကောလိပ်(၂)ခု ၊ လူငယ်သင်တန်း ကျောင်း (၄၅)ကျောင်း၊ အိမ်တွင်းမှုသင်တန်းကျောင်း (၄၅) ကျောင်း ၊ စက်မှုလက်မှုသင်တန်းကျောင်း (၉)ကျောင်းတို့တွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေး ဆောင်ရွက်ချက်များအတွက် ဝန်ကြီးဌာန၏ မူဝါဒ(၄)ရပ်၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၏ ရည်မှန်းချက်(၄)ရပ်၊ ဒီဂရီကောလိပ်များ၏ရည်ရွယ်ချက် (၆) ချက်နှင့်အညီ ဆရာ/ဆရာမများက ဆရာကောင်းတို့၏ကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းကောင်းတစ်ဦး၏ အရည်အသွေးများနှင့်အညီ တပည့် သားသမီးများအပေါ် ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ တက္ကသိုလ်စာပေ ပညာရပ်များသာမက စိတ်ဓါတ် ကောင်းမွန်မှု၊ စည်းကမ်းလိုက်နာမှု၊ အချိန်ကိုစနစ်တကျစီမံ ခန့်ခွဲတတ်မှု၊ ကျန်းမာသန်စွမ်းသော လူငယ်များဖြစ်လာစေရေး၊  စာပေဖတ်ရှုလေ့လာသောဝါသနာ ရင့်သန်စေရေး၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးနှင့် ပြည်ထောင်စုစိတ်ဓါတ် ရှင်သန်ထက်မြက်စေရေးတို့ကိုပါ  ပူးတွဲသင်ကြားပေး သွားကြရန်၊ နိုင်ငံ့အကျိုးသယ်ပိုးနိုင်သည့် သားကောင်းရတနာများဖြစ်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကောင်းဆုံး ပြုစုပျိုးထောင် လေ့ကျင့်ပေးသွားကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။