နေပြည်တော်၊ နိုဝင်ဘာလ ၂၁ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဖလားဘောလုံးပြိုင်ပွဲကို ကွပ်ကဲမှု အောက်ရှိကျောင်းများ၌ ရန်ကုန်(ဇုံ)နှင့် စစ်ကိုင်း(ဇုံ)ခွဲ၍ ၁၄-၁၁-၂၀၁၇ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာကျောင်းများတွင် အုပ်စုပတ်လည်ယှဉ်ပြိုင်ကစားခဲ့ကြရာ စစ်ကိုင်း (ဇုံ)တွင် ဒီဂရီကောလိပ်၊ ရန်ကုန် (က) အသင်းက အုပ်စု (ပထမ)၊ ဖွံ့ဖြိုးရေးတက္ကသိုလ်(က) အသင်းက အုပ်စု (ဒုတိယ)ဖြင့် အကြို ဗိုလ်လုပွဲသို့လည်းကောင်း၊ ရန်ကုန်(ဇုံ)တွင် ဒီဂရီကောလိပ်၊စစ်ကိုင်း (က)အသင်းက အုပ်စု(ပထမ)၊ ဒီဂရီကောလိပ်၊ရန်ကုန်(ခ)အသင်းကအုပ်စု(ဒုတိယ)ဖြင့်လည်းကောင်းအကြိုဗိုလ်လုပွဲသို့တက်ရောက် ခဲ့ကြပါသည်။
အကြိုဗိုလ်လုပွဲများကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းလေ့ကျင့်ရေး ကွင်းအမှတ် (၃)၌ ယှဉ်ပြိုင်ကစားကြရာ ၂၀-၁၁-၂၀၁၇ ရက်နေ့ ညနေ ၃နာရီတွင် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန်မှ (က)အသင်းနှင့် (ခ)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဒီဂရီကောလိပ် ရန်ကုန် (က) အသင်းမှ သုံးဂိုး- တစ်ဂိုးဖြင့် အနိုင်ရ၍ ဗိုလ်လုပွဲသို့ တက်ရောက်သွားပါသည်။
ဆက်လက်၍ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊စစ်ကိုင်း (က)အသင်းနှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ စစ်ကိုင်း (က)အသင်းတို့၏ အကြိုဗိုလ်လုပွဲကို ယနေ့ ညနေ ၃နာရီတွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး တတိယနေရာနှင့်ဗိုလ်လုပွဲကို ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊စစ်ကိုင်း အားကစားကွင်း၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပါသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို ကွပ်ကဲမှုအောက်ရှိကျောင်းများမှ ကျောင်းသားများ ကျန်းမာကြံခိုင်စေရန်၊ စည်းလုံးညီညွတ်မှု ခိုင်မာစေရန်၊ ထူးချွန်သည့် မျိုးဆက်သစ်လူငယ် ဘောလုံး အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဦးစီးဌာနအောက်ရှိ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊စစ်ကိုင်းနှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန်နှင့် စစ်ကိုင်းတို့မှ အသင်း (၆)သင်းဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြောင်း သတင်းရရှိပါသည်။