နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့သည် ကျောက်ပန်းတောင်းမြို့နယ်ရှိ သောက်သုံးရေကန်များတူးဖော်မှု နှင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များ၊ ရှေးဟောင်းသာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းထားမှု အခြေအနေလှည့်လည်စစ်ဆေး

၆.၂.၂၀၂၄ ပုဂံမြို့
    နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နှင့် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် တို့သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် (၆.၂.၂၀၂၄) ရက်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ရွာလတ် ကျေးရွာ၊ ဇလင်းတောင်ရွာ ပတ်ဝန်းကျင်ရှိ  နယ်စပ်ရေးရာဝန်ကြီးဌာနမှ တူးဖော်ပြီးသည့် ရိုးခြားကန်၊ ညောင်ကန်၊ ထောက်ရှာကန်၊ ဇလင်းတောင်ကန် နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ တူးဖော်ပြီးသည့် ဖိုးချုပ်ကန်၊ ဖောင်ရှိုးကန်တို့ကို ကြည့်ရှု စစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြချက်များအပေါ် အဆိုပါ ကန်များအား ရေရှည်အသုံးပြုနိုင်ရေး ကန်များ သန့်ရှင်းစေရေး သက်ဆိုင်ရာ ဌာနများ၊ ဒေသခံ ပြည်သူများ ပူးပေါင်း ဆောင်ရွက်ရန် မှာကြားခဲ့ကြပါသည်။ ရွာလတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း အနီးရှိ ပေ ၇၀၀ စက်ရေတွင်း တူးဖော်ထားရှိပြီး ရေအောင်စေရန် ဆောင်ရွက်နေမှု၊ ရေပေးဝေရန်  စီစဉ်ထားရှိမှုများကို ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပါသည်။ 
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တို့သည် ညောင်ဦးမြို့နယ်ရှိ မြကန် ပြုပြင်ထိန်းသိမ်းနေမှုများကို စစ်ဆေးပါသည်။ နိုင်ငံတော် အကြီးအကဲ၏လမ်းညွှန်ချက်အရ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသတွင် ‌ရေကြီးရေလျှံခြင်း နှင့် ရှေးဟောင်း အဆောက်အအုံများ၏တံတိုင်းအတွင်းနှင့် အနီးပတ်ဝန်းကျင်နေရာတို့တွင် ရေဝပ်မှု ထပ်မံ မဖြစ်ပေါ် စေရေးတို့အတွက် ပုဂံခေတ်ရေအရင်းအမြစ်စီမံခန့်ခွဲမှုစနစ် သုတေသနပြုချက်အရ ရှေးဟောင်း ရေလမ်းကြောင်းများ ပြန်လည်ဖော်ထုတ်ခြင်း၊ ရှေးဟောင်းရေကန်များ ပြန်လည်ဆယ်ယူ ထိန်းသိမ်း ခြင်းများ ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ပြုပြင်ထိန်းသိမ်းခဲ့သည့် မြကန်ပြုပြင် ထိန်းသိမ်းမှုများကို မန္တလေးတိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ ညောင်လက်ဖက်ကန်၊ ရွှေနန်းရင်တော ကန် - ၁ (ထိန်ကန်)၊ အလံပုဂံကန် (အလံပြကန်) တူးဖော်မှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးများက  ပုဂံခေတ်ရေအသုံးချမှုတွင် အရေးပါခဲ့သော ရှေးဟောင်း ရေကန်များ ဖြစ်သည့်အပြင် ပုဂံခေတ်မှ ယနေ့အထိ အသုံးပြုခဲ့ပြီး ဒေသခံများ၏ သောက်သုံးရေ၊ စိုက်ပျိုးရေ တို့တွင် အထောက်အကူဖြစ်၍ ရေရှည်အသုံးပြုနိုင်ရေး ကောင်းမွန်စွာထိန်းသိမ်းစောင့် ရှောက်ရန် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ကြပါသည်။
    ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်း ရေကန် (၁ဝ၆)ကန်အနက် (၉၁) ကန်အား အပိုင်း(၂)ပိုင်း ခွဲခြား၍ ပထမအဆင့် (၄၆)ကန်နှင့် ဒုတိယအဆင့် (၄၅)ကန် သတ်မှတ်ထားပါကြောင်း၊ ပထမအဆင့် (၄၆) ကန်အနက် ပထမဦးစားပေး (၁၁) ကန်၊ ဒုတိယဦးစားပေး (၁၁) ကန်၊ တတိယ ဦးစားပေး (၁၂) ကန်၊ စတုတ္ထဦးစားပေး (၁၂) ကန် တို့အား ဦးစားပေးအလိုက် ဆယ်ယူ ထိန်းသိမ်း သွားမည်ဖြစ်ပါသည်။ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ပုံငွေဖြင့် ရှေးဟောင်း ရေကန်(၆)ကန်၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ  ရှေးဟောင်းရေကန်(၅)ကန်၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ရှေးဟောင်းရေကန် (၆) ကန် ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရွှေနန်းရင်တောကန် (၃) ကန်၊ လှရတနာဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ က ရှေးဟောင်းရေကန် (၁) ကန်၊ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး (ငြိမ်း) သူရဦးမြင့်မောင် မိသားစုက ရှေးဟောင်းရေကန် (၁) ကန် ၊ ဦးမင်းညီ၊ ဒေါ်ဇင်မြင့်မောင် မိသားစုက ရှေးဟောင်းရေကန် (၁) ကန်၊  ဦးအောင်ကိုဇော် မိသားစုက ရှေးဟောင်းရေကန် (၁) ကန် ၊ ဒေါက်တာလှဝင်းအောင်က ရှေးဟောင်း ရေကန်(၁)ကန်၊ စုစုပေါင်း ရှေးဟောင်းရေကန် (၂၅) ကန်အား ဆယ်ယူ ထိန်းသိမ်းမည် ဖြစ်ပါကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြ ခဲ့ပါသည်။ 
   ၎င်းနောက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရန်ပုံငွေဖြင့် တူးဖော်ထိန်းသိမ်း မည့် တောင်ကျောင်းကန် (တောရကျောင်းကန်) နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တူးဖော်ထိန်းသိမ်း ဆောင်ရွက်ပေးမည့် ဖျောက်ဆိပ်ပင်ကန် (၁)၊ (၂)၊ (၃) တို့ကို  ကြည့်ရှု၍ ပုဂံခေတ်ရေအသုံးချမှုတွင် မြကန်ရေပိုလွှဲမှ စီးဆင်းလာသောရေများကို ဒေသတွင်းရေဝပ်ရေလျှံမှုမရှိစေရန် စနစ်တကျ ရေသွယ်မြောင်းများဖြင့် သွယ်ယူခဲ့ပြီး ဒေသခံများ သောက်သုံးရေ၊ စိုက်ပျိုးရေ အသုံးပြုနိုင်ရန် ယခုလို ကန်များ ဆယ်ယူသိုလှောင် ထိန်းသိမ်းခဲ့ပါကြောင်း၊ နှစ်ကာလကြာမြင့်စွာ ကန်ဆယ်ယူမှု မရှိခဲ့သည့် အတွက် တိမ်ကောနေခြင်းကို တွေ့ရှိရပါကြောင်း၊ အဆိုပါရှေးဟောင်း ရေကန်များကို ဆက်စပ်ဝန်ကြီး ဌာနများ အကူအညီဖြင့် စနစ်တကျဖော်ထုတ်ဆယ်ယူ၍ ဒေသခံများအတွက်ပါ သောက်သုံးရေ၊ စိုက်ပျိုးရေ ရရှိအောင်စီမံဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုကုန်ကျစရိတ်များ လေလွင့်မှုမရှိစေဘဲ အရည်အသွေးကောင်းမွန်သပ်ရပ်အောင် ဆယ်ယူထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ကြပါသည်။
    ၎င်းနောက်  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တူးဖော်ထိန်းသိမ်းမည့် ရွှေနန်းရင်တောကန် (၃) ကန်တို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီးနောက် တစ်ဆက်တည်း  သန့်ရှင်းရေး ဆောင်ရွက်လျက်ရှိသော  Area   E တွင် ပါဝင် သည့် ရွှေနန်းရင်တောဘုရားအစု သန့်ရှင်းရေး ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။  ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ဧရိယာ (၁၁) ပိုင်းခွဲ၍ ပေါင်းမြက်၊ ချုံနွယ်၊ ညောင်ပင်၊ ကန္တာရပင်များ ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ  စုစုပေါင်း  စေတီပုထိုး ဂူဘုရားပေါင်း (၁၇၃၁) ဆူ ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရပါသည်။ 
       ၎င်းနောက် လောကနန္ဒာစာသင်တိုက်သို့ သွားရောက်၍ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် လောကနန္ဒာစာသင်တိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး ညောင်ဦးမြို့ရှိ စာသင်တိုက် (၃) တိုက် အတွက် ဥပ္ပါတသန္တိကျမ်းစာအုပ် (၃၃၉) အုပ် နှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြ ပါသည်။ 
     ဆက်လက်၍ အာနန္ဒာဘုရားသို့ ရောက်ရှိပြီး ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးဖြစ်သော အရှေ့ဘက်မုခ်ရှိ ကောဏာဂုံဘုရား နှင့် အနောက်ဘက်မုခ်ရှိ ဂေါတမဘုရား (၂) ဆူအား ဖူးမြော် ကြည်ညို၍  တောင်ဘက်မုခ်ရှိ ကဿဖဘုရား နှင့် မြောက်ဘက်မုခ်ရှိ ကက္ကုသန်ဘုရား (၂) ဆူ ရွှေသင်္ကန်းကပ်လှူ ပူဇော်မှုကို ပြီးစီးအောင် ဆက်လက်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ ပါသည်။ ၎င်းနောက် ရွှေဆံတော်ဘုရားတွင် မိုးကြိုးလွှဲ တပ်ဆင်ထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူက  ပုဂံကမ္ဘာ့အမွေအနှစ်ဒေသတွင်မိုးရွာသွန်းမှုကြောင့် ၂၀၂၃ ခုနှစ်အတွင်း ဗူးဘုရား စေတီတော်မြတ်ကြီး နှင့်ဓမ္မရာဇက စေတီတော်မြတ်ကြီးတို့တွင် မိုးကြိုးစက်ကွင်းထိမှန်ခဲ့သဖြင့် ရှေးဟောင်းအဆောက် အအုံများအားမိုးကြိုးစက်ကွင်းထိမှန်ခြင်းမှကာကွယ်နိုင်ရန် ဘုရား(၁၁)ဆူတွင် မိုးကြိုးလွှဲတပ်ဆင်ခြင်း လုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ရှေးဟောင်း အဆောက်အအုံနှင့် အမွေအနှစ်များ ထိခိုက်မှုမရှိစေရေး စစ်ဆေးရွေးချယ် ဆောင်ရွက်ပေးခဲ့ပါ ကြောင်း၊ ရွှေဆံတော်ဘုရား၊ မြစေတီဘုရား၊ မနူဟာဘုရား၊ ထီးလိုမင်းလိုဘုရား၊ ဓမ္မရာဇကဘုရား၊ သိကြားပုန်းဘုရား စုစုပေါင်း ဘုရား(၆)ဆူတွင် မိုးကြိုးလွှဲများ တပ်ဆင်ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ကျန်ဘုရား(၅)ဆူကိုလည်း ယခုလအတွင်း ပြီးစီးအောင်  ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း တင်ပြခဲ့ပါသည်။ 
     ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တူးဖော်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ဆွေတော်မျိုးတော်ကန်၊ ရွှေထီးကန်တို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
 

Post Paragraph
video-upload