နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ရှမ်းပြည်နယ် (တောင်ပိုင်း)ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဇွန်လ ၁၄ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် (၁) ဗိုလ်မှူးကြီးလှဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇွန်လ ၁၁ ရက်နေ့နေ့လယ်တွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေး ရုံးသို့ ရောက်ရှိခဲ့ပြီး ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးမှ အုပ်ချုပ်မှုဆိုင်ရာနှင့် ရှမ်းပြည်နယ်အတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက သတ်မှတ်ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများ အချိန်မီပြီးစီးရေး၊စံချိန်စံညွှန်း နှင့်အရည်အသွေး ကိုက်ညီအောင် စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားရန်၊ လမ်း/တံတား လုပ်ငန်း များအား ဒေသခံပြည်သူများ မြန်မြန်ဆန်ဆန်အသုံးပြုနိုင်ရေး တွန်းအားပေး ဆောင်ရွက်သွားရန်၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံဝန်ထမ်း ကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများကို တိတိကျကျ လိုက်နာ၍ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ရာတွင်လည်း စိတ်ဓါတ် စည်းကမ်း ကောင်းမွန်သည့် နိုင်ငံ့ ဝန်ထမ်းများဖြစ်စေရေး ဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး ဝန်ထမ်းများအတွက်‌ တူညီဝတ်စုံ များနှင့် ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများ ပေးအပ်၍ ဝန်ထမ်း အိမ်ရာများနှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား လှည့်လည် ကြည့်ရှု စစ်ဆေး ခဲ့ပါသည်။ 
    ပြည်ထောင်စုဝန်ကြီးသည် ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးသို့ရောက်ရှိပြီး အဆိုပါရုံးခန်းမတွင်ဟိုပုံးမြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများတွင် တက်ရောက်ပညာ သင်ကြားနေကြသော ကျောင်းသား/ကျောင်းသူများ အတွက် ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြား၍ သက်ဆိုင်ရာကျောင်းအုပ်ကြီးများထံ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များ ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။ 
    ၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး လိုက်ပါ၍ ဟိုပုံးမြို့နယ်အတွင်းရှိ နမ့်ပေါ်ဟွန်း-သက်သာ-ပုံချောင်လမ်း     ၁ မိုင် ၄ ဖာလုံ ကတ္တရာလမ်းအားလည်းကောင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ ဖာမွန်းကျေးရွာအဝင် ကတ္တရာလမ်း ၁ မိုင် ၆ ဖာလုံ ဆောင်ရွက်ထားရှိမှုအားလည်းကောင်း၊ ပုံးပြွန်း-နမ့်ကွတ်-မုံထ-ဟိုတကောင် (ဟိုတပ်) မြေလမ်း ၇ မိုင် ၄ ဖာလုံတွင် ၂၀ ပေ ကွန်ကရစ် တံတား ၁ စင်း၊ ၁၀ ပေ ကွန်ကရစ်တံတား ၁ စင်း တည်ဆောက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။ 
    ပြည်ထောင်စုဝန်ကြီးသည် ဇွန်လ ၁၃ ရက်နေ့တွင် ဆီဆိုင်မြို့နယ်၊ ကျားတောင်-ကောင်းပန်းတန်း ကတ္တရာ လမ်း ၁ မိုင်၊ လပ်တိုင်-ပင်အွန်ကတ္တရာလမ်း ၁ မိုင် ၄ ဖာလုံ၊ ကောင်းမှုဗွာ-လိုက်ဟန်းနား-လိုက်ပေး ကျောက်လမ်း ၁ မိုင် ၄ ဖာလုံ၊ မီးသွေးကုန်း-ဖာလိုင် ဗြုန်းရောမြေသားလမ်း ၅ မိုင် ခင်းခြင်း၊ လွှယ်ထဲ-ထီးရီး-မီးရဲ-တောရ ကျောက်ချောလမ်း ၁ မိုင် ၄ ဖာလုံဖောက်လုပ်ခြင်း လုပ်ငန်းများသို့ ရောက်ရှိစစ်ဆေးခဲ့ရာ လုပ်ငန်းခွင်များတွင် သက်ဆိုင်ရာ တာဝန်ခံအင်ဂျင်နီယာ များက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီး က ကမ်းပါးယံများတွင် ပေါက်ရောက်နေသည့် အန္တရာယ်ဖြစ်စေမည့် သစ်ပင်များကို ဖယ်ရှား ရှင်းလင်းသွားရန်၊ လမ်းရေရှည် တည်တံ့ခိုင်မြဲစေရေးအတွက် လမ်းပခုံးသားများ အမာခံရရှိရေးနှင့် ‌ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်သွားရန်၊ တံတားချဉ်းကပ်လမ်းများ ရေတိုက်စားမှု ကာကွယ်နိုင်ရန်နှင့် ရေလမ်းကြောင်း ပြောင်းလဲမှုကြောင့် တံတားနှင့်လမ်း ထိခိုက်မှု မရှိစေရန် အတွက် ရေကာနံရံနှင့် မြေထိန်းနံရံများ ထပ်မံထည့်သွင်း ဆောင်ရွက်ပေးရန် မှာကြား ခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါ လမ်း/တံတား လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။ 
    ပြည်ထောင်စုဝန်ကြီးသည်  ဇွန်လ ၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်သော ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်-လိုက်ပေး-ဘန်းနောင်ကား ၁ မိုင် ၄ ဖာလုံကတ္တရာလမ်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းစဥ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်နေမှုအခြေအနေများ၊ ပအိုဝ်း ကိုယ်ပိုင်  အုပ်ချုပ်ခွင့်ရဒေသ အတွင်း နှစ်အလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးခဲ့မှုနှင့် ဆက်လက် ဆောင်ရွက် ပေးသွားမည့် အခြေအနေများ၊ ဆောင်ရွက်ပြီးစီးခဲ့သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည် တည်တံ့ ကောင်းမွန်စေရေးအတွက် ဒေသခံပြည်သူများက ဝိုင်းဝန်း ထိန်းသိမ်း ဆောင်ရွက် ပေးရန် မှာကြားခဲ့ပြီး ဒေသခံပြည်သူ ၁ ဦးမှ ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အခြေခံပညာအလယ်တန်းကျောင်းခွဲ (ပင်လုံခ) ရှိ ကျောင်းသား/ကျောင်းသူများအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့သည့် ကျောင်းဝတ်စုံ နှင့် ဗလာစာအုပ်များကို အဆိုပါကျောင်းအုပ်ကြီးထံ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် (၁) ဗိုလ်မှူးကြီး လှဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူတို့နှင့်အတူ လမ်းပိုင်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး လမ်းတစ်လျှောက် လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ ပါသည်။
    ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆိုက်ခေါင်မြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း တို့သို့သွားရောက်၍ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများနှင့်တွေ့ဆုံ အမှာစကား ပြောကြားပြီး ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့် စာ‌ရေး ကိရိယာများ ထောက်ပံ့ပေးအပ်ကာ သင်တန်းကျောင်းဝန်းအတွင်းရှိ အိပ်ဆောင်၊ စားရိပ်သာ၊ စာကြည့်တိုက်နှင့် သင်တန်းခန်းမများကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
 

Post Paragraph
video-upload