
နေပြည်တော် နိုဝင်ဘာ ၁၈ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့်ဇနီး တို့အား အမှူးထား၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဧကာဒသမ အကြိမ်မြောက် မဟာဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၉:၃၀) နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၊ မာန်အောင်ကျောင်းတိုက်၊ ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍဝ မထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်တို့က ချီးမြှင့်သော ပရိတ်တရားတော်တို့ကို နာကြားကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းမိသားစုများက ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆရာတော်၊ သံဃာတော်တို့ထံ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။
ယင်းနောက် နေပြည်တော် ပျဥ်းမနားမြို့နယ်၊ မာန်အောင်ကျောင်းတိုက်၊ ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍဝ မထေရ်မြတ်ချီးမြှင့်သော ကထိန် အနုမောဒနာတရားတော်ကို နာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြပြီး ဆရာတော်သံဃာတော်များနှင့် ပရိသတ်များမှ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယနေ့ကျင်းပသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ဧကာဒသမအကြိမ် မဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများ၏ ယနေ့လှူဒါန်းမှု တန်ဖိုးမှာ ငွေကျပ် ၂၂,၇၁၉,၁၀၀ (ကျပ် နှစ်ရာနှစ်ဆယ့်ခုနှစ်သိန်း တစ်သောင်းကိုးထောင့် တစ်ရာ တိတိ) ဖြစ်ကြောင်း သတင်းရရှိပါသည်။
