နေပြည်တော်၊ မတ် ၂၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် ဇနီး ဒေါ်ခိုင်မေကြူတို့အား အမှူးထား၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ သတ္တမအကြိမ် စုပေါင်းရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာအခမ်းအနားအား ယနေ့နံနက် (၈) နာရီအချိန်တွင် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မာရ်အောင်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် ဇနီး ဒေါ်ခိုင်မေကြူ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် ဇနီး၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် ဇနီး၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဇနီး၊ ဝန်ထမ်းမိသားစုများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့သည့် ဆရာတော်၊ သံဃာတော် (၁၀၈) ပါးတို့အား ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဌာနအကြီးအကဲများနှင့် ဝန်ထမ်းမိသားစုများမှ သိမ်ဆင်းလောင်းလှူခဲ့ကြသည်။
ထို့နောက် ပျဉ်းမနားမြို့ မာရ်အောင်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍဝထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူခဲ့ကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် ဇနီးတို့ ဦးစီး၍ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သာဓုအနုမောဒနာ တရားတော်များကို နာယူကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချ အမျှပေးဝေခဲ့ကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့မှ ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းပေးခဲ့ကာ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များအား နေ့လည်စာဖြင့် တည်ခင်းကျွေးမွေးခဲ့သည်။
ယနေ့ ကျင်းပပြုလုပ်သော နယ်စပ်ရေးရာဝန်ကြီးဌာန၏ သတ္တမအကြိမ် စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော်မင်္ဂလာ အခမ်းအနား၌ ရဟန်း (၄၇) ပါး၊ ရှင်သာမဏေ (၁၈) ပါး၊ စုစုပေါင်း (၆၅) ပါးတို့အား သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်နိုင်ခဲ့ပါသည်။