
နေပြည်တော်၊ ဧပြီ ၂၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်ဒေသမှ နယ်မြေလုံခြုံရေး အခြေနေအရ ခေတ္တတိမ်းရှောင်လာသော မိသားစုဝင် (၁၀၀၀) ဦးတို့အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို ဧပြီလ(၂၈) ရက်နေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့နယ်၊ တန်ဖဲကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ကချင်ပြည်နယ်ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထူး တက်ရောက်၍ ငွေကျပ် (၁၄,၀၂၈,၀၀၀)တန်ဖိုးရှိ ရိက္ခာ(၁) လစာ ဆန်(၃၆၄) အိတ်၊ ဆီ(၆၂၀) ပိဿာ၊ ကုလားပဲ (၉၃၀) ပိဿာ၊ ဆား(၁၅၅) ပိဿာတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ယင်းအခမ်းအနားသို့ နယ်မြေခံစစ်ဗျုဟာမှူး ဗိုလ်မှူးကြီးထွန်းနေလင်းနှင့် မြစ်ကြီးနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထူးနှင့်အဖွဲ့ သည် ထိုနေ့ညနေပိုင်းတွင် နမ္မတီးမြို့၊ လမ်းခွကျေးရွာသို့ သွားရောက်၍ခေတ္တတိမ်းရှောင်မိသားစု (၁၀၀၀) ဦးအတွက် ငွေကျပ် (၁၄,၀၂၈,၀၀၀) တန်ဖိုးရှိ ရိက္ခာ(၁) လစာ ဆန်(၃၆၄) အိတ်၊ ဆီ(၆၂၀) ပိဿာ၊ ကုလားပဲ(၉၃၀) ပိဿာ၊ ဆား(၁၅၅) ပိဿာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ရာ နယ်မြေခံတပ်မှ ဗိုလ်မှူးကြီးကျော်ခိုင်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အလားတူ တနိုင်းမြို့နယ်၊ အောင်လောဒ့်ကျေးရွာမှ ခေတ္တတိမ်းရှောင်မိသားစုဝင် (၂၁၈) ဦးအတွက် ငွေကျပ် (၅,၀၈၉,၄၀၀) တန်ဖိုးရှိ ဆန်(၁၀၄)အိတ်၊ ဆီ(၁၁၄)ပိဿာ၊ ကုလားပဲ (၃၂၇)ပိဿာ၊ ဆား (၁၄၄)ပိဿာတို့ကို တနိုင်းမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးလွင်နှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးခဲ့သည်။
၎င်းအပြင် ဧပြီလ (၂၄) ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ မံဝယ်ကျေးရွာမှ ခေတ္တ တိမ်းရှောင်မိသားစု (၁၆၂)ဦးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနက ထောက်ပံ့ပေးသော ငွေကျပ် (၃,၄၅၁,၀၀၀)တန်ဖိုးရှိ ဆန်(၅၉)အိတ်၊ ဆီ (၁၀၀)ပိဿာ၊ ကုလားပဲ (၁၅၀)ပိဿာ၊ ဆား(၂၅)ပိဿာ၊ စောင် (၁၆၂) ထည်၊ ခြင်ထောင် (၈၂)လုံးတို့ကို နယ်မြေခံတပ်မှ လွဲပြောင်းထောက်ပံ့ပေးခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ကချင်ပြည်နယ်အတွင်း ခေတ္တတိမ်းရှောင် မိသားစုများ အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ရိက္ခာများ ထောက်ပံ့ပေးနေသကဲ့သို့ နေရပ်ပြန်မိသားစုဝင်များ၏ ကျေးရွာများအတွက် လိုအပ်သောဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိရာ ချောင်းဝ-မံဝယ် မြေလမ်း (၅)မိုင်အား ဖောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။



