နယ်စပ်ရေးရာဝန်ကြီးဌာနက ကရင်၊ ပလောင်နှင့် ဓနုတိုင်းရင်းသားအဖွဲ့များအား ဂုဏ်ပြုတွေ့ဆုံခြင်းနှင့် လက်ဆောင်ပစ္စည်းပေးအပ်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ဇွန် ၂၃
     မိမိတို့ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရသစ်၏ ရက်ပေါင်း ၁၀၀ စီမံချက် ကာလအတွင်း လုပ်ငန်းစဉ် ၉ ရပ်ဖြင့် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာတွင် ဆဋ္ဌမလုပ်ငန်းစဉ်ဖြစ်သော နယ်စပ်ဒေသများမှ တိုင်းရင်းသားလေ့လာရေး အဖွဲ့ဝင်များကို နှစ်စဉ်အလှည့်ကျစနစ်ဖြင့် ဖိတ်ကြား ခေါ်ယူကာ နေပြည်တော်နှင့် ပတ်ဝန်းကျင် လေ့လာရေးခရီးစဉ်များ စီစဉ်ဆောင်ရွက် ပေးခြင်းဖြစ်ပါကြောင်းဖြင့် ယနေ့ ညနေ ၃နာရီခွဲတွင် နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၌ ကျင်းပသည့် ကရင်၊ ပလောင်နှင့် ဓနုတိုင်းရင်းသား အဖွဲ့များအား ဂုဏ်ပြုတွေ့ဆုံခြင်းနှင့် လက်ဆောင်ပစ္စည်းပေးအပ်ခြင်း အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်က ပြောကြားသည်။
     အလားတူ ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များမှာ တိုင်းရင်းသားအချင်းချင်း ရင်းနှီးချစ်ကြည်စွာ အတူယှဉ်တွဲ နေထိုင်ရင်း တစ်ဦး၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို တစ်ဦးက လေ့လာသိရှိ ဖလှယ်ခွင့် ရရှိစေရန်၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများကို မျက်ဝါးထင်ထင် လေ့လာတွေ့ရှိပြီး လေ့လာရေးခရီးစဉ်က ရရှိသည့် အတွေ့အကြုံကောင်းများကို မိမိတို့ ရပ်ရွာဒေသဖွံ့ဖြိုးရေးအတွက် ထိရောက်စွာ ပြန်လည်အသုံးချနိုင်ရန်၊ မိမိတို့ တိုင်းရင်းသား အားလုံးသည် ရှေးနှစ်ပေါင်းများစွာကပင် ပြည်ထောင်စုကြီးအတွင်း အေးအတူပူအမျှ မှီတင်းနေထိုင်လျက်ရှိကြသော တစ်အူထုံ့ဆင်း ညီရင်းအစ်ကို မောင်ရင်းနှမများ ဖြစ်ကြသည်ဟူသည့် ကောင်းမွန်မှန်ကန်သော ခံယူချက်ဖြင့် ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး စိတ်ဓာတ်များ ရှင်သန် ခိုင်မာလာစေရန် ဟူသည့် ရည်ရွယ်ချက်များပင် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
    ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကရင်၊ ပလောင်၊ ဓနု တိုင်းရင်းသား အဖွဲ့များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ရာ တိုင်းရင်းသူ ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် အာရမ်းကျေးရွာမှ ပလောင်တိုင်းရင်းသူ မနွယ်နီထွန်းက တိုင်းရင်းသားအဖွဲ့များ ကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
    ထို့နောက် တိုင်းရင်းသားရိုးရာ အကများဖြင့် ဖျော်ဖြေတင်ဆက်ကပြကြပြီး နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က တိုင်းရင်းသားရိုးရာ အကအဖွဲ့များက ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။

 

Post Paragraph