
နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၂ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်အတွင်းရှိ ဆွမ်း/ကွမ်း ခက်ခဲသည့် ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲ အမယ်သုံးမျိုးကို ရဟန်း၊ သံဃာ၊ သာမဏေများအတွက် လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကော့သောင်းခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဦးစိုးနိုင်၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်သာသနာရေးဦးစီးဌာနမှ ဦးလှိုင်မျိုးလတ်၊ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဓမ္မသိပ္ပံကျောင်းတိုက်သို့ ဆွမ်းဆန်တော် ငါးအိတ်၊ ဆီ ၁၀ ပိဿာ၊ ကုလားပဲ ခြောက်ပိဿာ စသည့် လှူဒါန်းဖွယ်ရာပစ္စည်းများအား ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတထံသို့ လှူဒါန်းခဲ့သည်။
အလားတူ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကချင်ပြည်နယ် ဗန်းမော်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လင်းနှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းတွင် ဗန်းမော်ခရိုင် နမ့်ဖားရပ်ကွက် နမ့်ဖားပရဟိတစာသင်တိုက်ရှိ သံဃာတော်များနှင့် သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲများနှင့် ဆွမ်း၊ ကွမ်း ဝေယျာဝစ္စအတွက် အလှူငွေများဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။





