နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘူးသီးတောင် မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

မေလ ၁၂ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ရခိုင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် လမ်း/ တံတား လုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဘူးသီးတောင် မြို့နယ်အတွင်း ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ၃၉၇ ဒသမ ၀၆၈ သန်းဖြင့် ဘူးသီးတောင် - တောင်ဘဇာ လမ်းပေါ်၌ ၁ မိုင် ၂ ဖာလုံ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ဘူးသီးတောင် - တောင်ဘဇာ ကားလမ်းမှ သရဖီ စံပြကျေးရွာသို့ ဆက်သွယ်သည့် မြေသားလမ်း ၁ မိုင် ၅ ဖာလုံ ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား မောင်တော ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေး ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့သည်။

          အဆိုပါ လမ်းလုပ်ငန်းများအနေဖြင့် ၇၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး လုပ်ငန်းအားလုံး ဆောင်ရွက် ပြီးစီးပါက ဘူးသီးတောင် - တောင်ဘဇာ လမ်းတစ်လျှောက် ကျေးရွာများရှိ ဗမာ၊ ရခိုင်၊ မြို၊ ခမီ၊ သက်၊ ဒိုင်းနက် တိုင်းရင်းသားများ၏ အိမ်ခြေ ၃၇၈ အိမ်၊ လူဦးရေ ၁၉၀၀ ဦးတို့အနေဖြင့် ဘူးသီးတောင်မြို့သို့ လွယ်ကူ ချောမွေ့စွာ ဆက်သွယ်သွားလာနိုင်မည့်အပြင် ပညာရေး၊ ကျန်းမာ ရေး၊ စီးပွားရေး၊ လမ်းပန်း ဆက်သွယ်ရေး စသည့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း များစွာ အထောက်အကူ ပြုမည် ဖြစ်ကြောင်းသိရှိရသည်။