နယ်စပ်ရေးရာဝန်ကြီးဌာနရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်းများ၌ သင်တန်းဆင်းပွဲများကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၅
        နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း ၃ ကျောင်းတို့၌ ဆောက်လုပ်ရေး သင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်းနှင့် လက်ကိုင်ဖုန်းပြင် သင်တန်းဆင်းပွဲများအား ယနေ့ နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းများ၌ ကျင်းပ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့ သင်တန်းကျောင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အောင်ပန်းမြို့ သင်တန်းကျောင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်အောင်၊ လပွတ္တာမြို့ သင်တန်း ကျောင်းတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်ကိုဦးတို့ အသီးသီးတက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပါသည်။
    အဆိုပါသင်တန်းကျောင်း ၃ ကျောင်းတွင် ဆောက်လုပ်ရေးသင်တန်းသား ၁၁ ဦး၊ လျှပ်စစ် သင်တန်းသား ၂၈ ဦး၊ ဂဟေသင်တန်းသား ၃၀ ဦး၊ မော်တော်ယာဉ်စက်ပြင် သင်တန်းသား ၄၄ ဦး၊ လက်ကိုင်ဖုန်းပြင်သင်တန်းသား ၁၂ ဦး စုစုပေါင်း ၁၂၅ ဦးဖြင့် သင်တန်းကာလ ၆ လကြာ လက်တွေ့  ခန်းသုံးပစ္စည်းများနှင့် သင်ထောက်ကူပစ္စည်းများ ပြည့်စုံစွာ ထောက်ပံ့၍ နေထိုင်စားသောက်ရေး အခမဲ့ သင်ကြားပေးခဲ့ပြီး သင်တန်းထူးချွန်ဆုရရှိသူများနှင့် သင်တန်းသားများအတွက် သင်တန်းဆင်း အောင်လက်မှတ်များ အသီးသီးချီးမြှင့်ပေးခဲ့ပါသည်။ 
    နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း ၃ ကျောင်းတွင် ၂၀၂၄ ခုနှစ် မေလ ၂၀ ရက်နေ့မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့အထိ ရက်သတ္တပတ် ၂၂ ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ဘဏ္ဍာနှစ်တစ်နှစ်လျှင် သင်တန်းနှစ်ကြိမ် ဖွင့်လှစ်ပေးလျက်ရှိပြီး သင်တန်းကျောင်းများ စတင်ဖွင့်လှစ်ချိန်မှ ယခုအထိ သင်တန်းသား စုစုပေါင်း ၆၆၀၂ ဦး သင်ကြား လေ့ကျင့်မွေးထုတ်ပေး၍ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခဲ့ကြောင်း သတင်းရရှိပါသည်။