နေပြည်တော် အောက်တိုဘာ ၁၉
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းများနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများတွင် နယ်စပ်ဒေသအပါအဝင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသောဒေသများမှ တိုင်းရင်းသား/သူများအား အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားတတ်မြောက်စေခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းရရှိပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒုတိယအကြိမ်အဖြစ် စက်မှုကျောင်း ၄ ကျောင်းတွင် ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်း၊ လက်ကိုင်ဖုန်းပြင်သင်တန်းများနှင့် အိမ်တွင်းမှုသင်တန်းကျောင်း ၂၀ ကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းတို့အား ယနေ့နံနက်ပိုင်းတွင် သင်တန်းကျောင်းအသီးသီး၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားများသို့ ဘားအံမြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ မုဒုံမြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးအောင်ဝင်းသန်း၊ ပုသိမ်မြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအေးကျော်၊ ကျိုင်းတုံမြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ထက်၊ လွိုင်ကော်မြို့ အိမ်တွင်းမှု သင်တန်းကျောင်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းစိုးအောင်၊ မြိုင်ကြီးငူ အိမ်တွင်းမှုသင်တန်းကျောင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးဝင်း၊ အောင်ပန်းမြို့ စက်မှုသင်တန်းကျောင်းတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ထားဝယ်မြို့ စက်မှုသင်တန်းကျောင်းတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ရန်ကြီးအောင်၊ ဘားအံမြို့ စက်မှုသင်တန်းကျောင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညီညီဇော်၊ လပွတ္တာမြို့ စက်မှုသင်တန်းကျောင်းနှင့် အိမ်တွင်းမှု သင်တန်းကျောင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါ်မေသန်းဦး၊ ဆိုက်ခေါင်အိမ်တွင်းမှုသင်တန်းကျောင်းတွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးဘုန်းကြွယ်ဟန်၊ လဟယ်မြို့ အိမ်တွင်းမှု သင်တန်းကျောင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးညီညီထွေးတို့ တက်ရောက်ဖွင့်လှစ်ပေးပြီး ကျန်သင်တန်းကျောင်းများ၌ နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှု အောက်ရှိဦးစီးဌာနများမှ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများနှင့် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ စက်မှုသင်တန်းကျောင်းတွင် သင်တန်းသား/သူ ၁၇၀ ဦးနှင့် အိမ်တွင်းမှုသင်တန်း ကျောင်းများတွင် သင်တန်းသား/သူ ၅၄၀ ဦး စုစုပေါင်း ၇၁၀ ဦး တက်ရောက်၍ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့မှ ၂၀၂၇ ခုနှစ် မတ်လ ၁၉ ရက်နေ့ထိ ရက်သတ္တ ၂၂ ပတ်ကြာ ဖွင့်လှစ် သွားမည်ဖြစ်ပြီး နေထိုင်စားသောက်ရေးနှင့် သင်တန်းသုံးပစ္စည်းများ အခမဲ့ ထောက်ပံ့ပေးသွားမည် ဖြစ်သည်။
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းနှင့် အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများတွင် ဘဏ္ဍာရေးနှစ် တစ်နှစ်လျှင် သင်တန်း နှစ်ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာ ယနေ့အချိန်ထိ စက်မှုကျောင်းများတွင် သင်တန်းသား/သူ ၇၂၁၆ ဦးနှင့် အိမ်တွင်းမှုသင်တန်းကျောင်းများတွင် သင်တန်းသူ ၉၈၆၅၈ ဦး သင်ကြားလေ့ကျင့်မွေးထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။