ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း) တက်ရောက်မည့် သင်တန်းသား သင်တန်းသူများအား ထောက်ပံ့ငွေပေးအပ်

ပဲခူး၊ အောက်တိုဘာ ၃၁
    ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်း က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) ငါးနှစ်သင်တန်း အမှတ်စဉ်(၁၂)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း) ပထမနှစ်တက်ရောက်မည့် သင်တန်းသား သင်တန်းသူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနား ကျင်းပသည်။
    အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သင်တန်းများပြီးဆုံး၍ နိုင်ငံတော်ကခန့်အပ်မည့် နေရာဒေသအသီးသီးတွင် ကျရာတာဝန်များကို ဦးလည်မသုန် ထမ်းဆောင်ခြင်းဖြင့် နိုင်ငံတော်၏ကျေးဇူးသစ္စာကို ကျေပွန်စွာ ပြန်လည်ပေးဆပ်နိုင်သည့် သားကောင်း/ သမီးမွန် များဖြစ်အောင် နိုင်ငံတော်က အားထားရသူများဖြစ်အောင် ကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်ပညာရေးဘွဲ့ (B.Ed) ငါးနှစ်သင်တန်း အမှတ်စဉ် (၁၂)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်/ စစ်ကိုင်း)ပထမနှစ်တက်ရောက်မည့် သင်တန်းသား/သူများ ထောက်ပံ့ငွေကျပ် ၄၆ သိန်းအား ထောက်ပံ့ပေးအပ်သည်။    
    ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဖွံ့ဖြိုးရေး တက္ကသိုလ် (စစ်ကိုင်း)သို့ သင်တန်းသား/သူ(၁၀)ဦး၊ ဖွံ့ဖြိုးရေးတက္ကသိုလ်(ရန်ကုန်)သို့ သင်တန်းသား သင်တန်းသူ ၂ ဦး၊ ဒီဂရီကောလိပ်သို့ သင်တန်းသား သင်တန်းသူ ၂ ဦး၊ စုစုပေါင်း ၁၄ ဦး တက်ရောက်သင်ကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 

Post Paragraph