ဖရူဆိုမြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျေးရွာချင်းဆက် ကတ္တရာလမ်း ဖောက်လုပ်ပြီးစီး၍ ကျေးရွာတစ်ရွာနှင့် တစ်ရွာ ရာသီမရွေးကူးလူးဆက်သွယ်နိုင်တော့မည်

ဖရူဆို   အောက်တိုဘာ ၂၄

          နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သည် ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် အခြေခံကျဆုံးဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်စေရေးကို အဓိကထား ဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု)ရန်ပုံငွေဖြင့် ဖရူဆို-လောထောတနော-ဒိုးပရယ်ကျေးရွာ ချင်းဆက်လမ်း (၄/၃)မိုင်အနက် (၂/၀)မိုင် ကတ္တရာခင်းခြင်းနှင့် အဆိုပါလမ်းပေါ်ရှိ လေးပေ Box Culvert သုံးစင်း တည်ဆောက်ခြင်း လုပ်ငန်းများအား သတ်မှတ် စံချိန်စံညွှန်းနှင့်အညီအချိန်မီ ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရ ပါသည်။

          အဆိုပါ ကျေးရွာချင်းဆက်လမ်းသည် (၄/၃)မိုင်ရှိသည့်အနက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေကျပ် ၄၁၁ ဒသမ ၈၀၀ သန်းဖြင့် (၂/၃)မိုင် ကတ္တရာ ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးခဲ့ပြီး ကျန်(၂/၀)မိုင်အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး(ပြည်ထောင်စု) ရန်ပုံငွေကျပ် ၃၄၉ ဒသမ ၄၀၉ သန်းဖြင့် ကတ္တရာခင်းခြင်းလုပ်ငန်းအား လည်းကောင်း၊ အဆိုပါလမ်းပေါ်တွင်ခွင့်ပြုရန်ပုံငွေကျပ် ၁၂ ဒသမ ၅၉၁ သန်းဖြင့် လေးပေ Box Culvert သုံးစင်း တည်ဆောက်ခြင်းလုပ်ငန်းအား လည်းကောင်း ဆောင်ရွက်ပြီးစီးခဲ့သဖြင့် နယ်စပ်ဒေသ ကျေးလက်ကျေးရွာများ တစ်ရွာနှင့် တစ်ရွာ ရာသီမရွေးကူးလူးဆက်သွယ်သွားလာနိုင်မည်ဖြစ်ပြီး လမ်း တစ်လျှောက်ရှိ ကျေးရွာများအနေဖြင့် ဖရူဆို၊ ဒီးမော့ဆို၊ လွိုင်ကော်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့နယ်တို့သို့ လွယ်ကူစွာသွားလာ နိုင်မည်ဖြစ်၍ ကျေးရွာနေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည့်အပြင် ဒေသထွက်ကုန်များလည်း လွယ်ကူလျင်မြန်စွာ ကူးသန်းရောင်းဝယ်နိုင် တော့မည်ဖြစ်ကြောင်း သိရသည်။

Post Paragraph