ပခုက္ကူမြို့၊အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ဖွင့်လှစ်သင်ကြား

ပခုက္ကူ၊  ဖေဖော်ဝါရီလ ၂၃ ရက်
   နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ဖေဖော်ဝါရီလ၂၂ ရက် နံနက် ၁၀ နာရီ အချိန် က ကြက်ခြေနီ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ 
   သင်တန်းကို ပခုက္ကူခရိုင်၊ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးတင်ဝင်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် အသင်းဝင် နည်းပြများက “ကြက်ခြေနီအကြောင်း သိကောင်းစရာ၊ ရှေးဦးပြုစုခြင်း အခြေခံသဘော တရားများ၊ လူနာစစ်ဆေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင် ခြင်း၊ သွေးဆုတ် သွေးလန့်ဖြစ်ခြင်းနှင့် သွေးယိုစီးခြင်း၊ သတိလစ်ခြင်း၊ မူးမေ့ခြင်း၊ အဆိပ်မိခြင်း၊ သတ္တဝါများမှ အကိုက်ခံရခြင်း၊ အရိုးကျိုးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်း၊ အခြေခံအသက်ကယ်နည်း၊ လူနာကိုင်ဆောင်နည်းနှင့် သယ်ဆောင်နည်း”စသည့် အခြေခံရှေးဦးပြုစုနည်း ဘာသာရပ်များကို စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးလျက်ရှိရာ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅)မှ သင်တန်းသူများ တက်ရောက်လျက်ရှိကြောင်းသိရသည်။
   ယင်းသင်တန်းကို သင်တန်းသူများအနေဖြင့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်နည်း အတတ် ပညာရပ်များ အပြင်ကြက်ခြေနီ ရှေးဦးပြုစုခြင်း ဘာသာရပ်များကို စနစ်တကျ သင်ကြားပြီး လူမှုရေးနှင့် ပရဟိတ လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။ 
 

Post Paragraph