ပင်းတယမြို့နယ် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီး

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးနှင့် တာဝန်ရှိသူများက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်တွင်  ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများကို စက်တင်ဘာ ၂၀ ရက်တွင် ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် မိုင်းလီကျေးရွာအုပ်စု ရဲတိကျေးရွာနှင့် မန်ကျဉ်းကုန်းကျေးရွာတို့ရှိ ဇော်ဂျီချောင်းဘေး စိုက်ပျိုးမြေနေရာတို့တွင် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး အဆိုပါလုပ်ငန်းများကို ရေရှည်တည်တံ့စေရေး ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရန် ကျေးရွာမှတာဝန်ရှိသူများအား မှာကြားကာ လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများကို စနစ်တကျလွှဲပြောင်းပေးအပ်သည်။
    ဆိုလာစနစ်ဖြင့် စိုက်ပျိုး‌ရေရရှိရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်မှုကြောင့် ကျေးရွာများရှိ တောင်သူ ၁၀ ဦး၏ စိုက်ပျိုးမြေ ၅၂ ဧက အတွက် စိုက်ပျိုးရေလုံလောက်စွာရရှိပြီး ယခင်က မိုးစပါးတစ်မျိုးတည်းကိုသာ စိုက်ပျိုးနိုင်ခဲ့ရာမှ ယခုအခါ ဆောင်းရာသီ၊ နွေရာသီတို့တွင် နွေစပါး၊ ပဲပုပ်၊ ခရမ်းချဉ်၊ အာလူး၊ ဆီထွက်သီးနှံများဖြစ်သည့် နေကြာနှင့် မြေပဲတို့ကိုပါ သီးထပ်သီးညှပ်အနေဖြင့် စိုက်ပျိုးနိုင်တော့မည်ဖြစ်ရာ တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် အကျိုးပြုစေမည်ဖြစ်သည်။
    အဆိုပါလုပ်ငန်းများကို သြဂုတ် ၁ ရက်က စတင်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၀ ရက်တွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်အတွင်း ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
 

Post Paragraph