ပြည်ထောင်စု၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသအတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေး

နေပြည်တော် ဧပြီ ၂၉ရက်
    နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (ကျိုင်းတုံ)မှ တာ၀န်ရှိ သူများ လိုက်ပါလျက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသအတွင်းရှိ ကျိုင်းတုံ၊ မိုင်းဖြတ်နှင့် တာချီလိတ်မြို့နယ် များအတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးရေး လုပ်ငန်းများအား(၂၇-၄-၂၀၁၈)ရက်နေ့မှ (၂၉-၄-၂၀၁၈)ရက်နေ့အထိ ကွင်းဆင်း ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။
    ပြည်ထောင်စု၀န်ကြီး ဦးဆောင်သောအဖွဲ့သည် (၂၇-၄-၂၀၁၈) ရက်နေ့ နေ့လည်ပိုင်းတွင် ကျိုင်းတုံမြို့နယ်အတွင်းရှိ ကတ်ထိုက်- လွယ်ပန်တောင်း - အင်ဂိုလုံလမ်း ဖောက်လုပ် ထားရှိမှုအနက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် အဆင့်မြှင့် တင်၍ (၁၂) ပေအကျယ် မြေသားလမ်းမှ (၃၄)ပေအကျယ် မြေသားလမ်း (၁၂)မိုင်အား ချဲ့ထွင် ဆောင်ရွက်ပြီးစီးခဲ့မှုအပေါ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လပတ်တွင် လည်း  မြေသားလမ်း (၁၀)မိုင်အား (၃၄)ပေအကျယ်ရရှိနိုင်ရေးအတွက် စက်ယန္တရားများဖြင့် အချိန်မီပြီးစီးအောင် ဖောက်လုပ်နေမှု အခြေအနေအား လည်းကောင်း၊ ကျိုင်းတုံမြို့နယ်၊ ပန်မတ်ကျေးရွာအဝင် မြေသားလမ်း(၁၃)မိုင် ဖောက်လုပ်ပြီးစီးမှု အခြေအနေအား လည်းကောင်း၊ (၂၈-၄-၂၀၁၈) ရက်နေ့တွင် ကျိုင်းတုံမြို့နယ်၊ ကတ်တောင်- ယမ်းကြိမ် မြေသားလမ်း(၂/၀)မိုင်အား အဆင့်တိုးမြှင့်၍  ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်သွားမည့် အခြေအနေအား လည်းကောင်း၊ (၂၉-၄-၂၀၁၈)ရက်နေ့တွင် မိုင်းဖြတ်မြို့နယ်၊ လကပ်ရွာ အဝင်လမ်း(၃/၀)မိုင် ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား လည်းကောင်း ကြည့်ရှု့စစ်ဆေးခဲ့ပြီး တာ၀န်ရှိသူများအား ဒေသခံပြည်သူများ အတွက် အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီသော လမ်းဖြစ်စေရေးအတွက် အလေးထား ဆောင်ရွက်သွားကြရန်၊   သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများမှလည်း ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရန် မှာကြား ခဲ့သည်။
    ခရီးစဉ်အတွင်း ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့သည် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ကျိုင်းတုံ)နှင့် (လွယ်မွေ) သို့ သွားရောက်ခဲ့ပြီး ဒေသ အကျိုးပြုလူငယ်များ ပေါ်ထွန်းလာအောင်မွေးထုတ် ပေးရန်၊ ခံယူချက် ယုံကြည်ချက်မှန်ကန်ကောင်းမွန်သော တိုင်းရင်းသားလူငယ် များပေါ်ထွန်းလာရေးအတွက် ပြုစုပျိုးထောင်ပေးရန်၊ ကျောင်းသား/သူများ အနေဖြင့်  ကျောင်းစာအပြင်   အခြားဗဟုသုတစာပေဖတ်ရှု့ခြင်း အလေ့အကျင့် များ ရရှိစေရေး၊ အချိန်ကိုအကျိုးရှိစွာအသုံးချတက်စေရေး၊ ချမှတ်ထားသည့် စည်းကမ်းနှင့်အညီ ပြုမူနေထိုင်တက် စေရေး၊ လူမှုဆက်ဆံရေးကောင်းမွန်သူများ ဖြစ်စေရေး၊ ကျန်းမာသန်စွမ်းပြီး ဘက်စုံထူးချွန်သူများ ဖြစ်စေရေးအတွက် ကြိုးစားလေ့ကျင့် သင်ကြားပေးကြရန် ကျောင်းမှ တာဝန်ရှိသူများ နှင့် သင်တန်းသား /သူများအား တိုက်တွန်းမှာကြား ခဲ့သည်။ ထို့နောက် ကျောင်းသား/ သူများနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကာ အိပ်ဆောင်များ၊ စားရိပ်သာများနှင့် ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။
ထို့အတူ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ကျိုင်းတုံ)နှင့် (တာချီလိတ်)သို့လည်း ရောက်ရှိခဲ့ပြီး ၀န်ထမ်းများနှင့်တွေ့ဆုံ၍ သင်တန်းသူများအနေဖြင့် မိမိဘဝကို ကိုယ်တိုင်ရပ်တည်နိုင်သူများဖြစ်စေရန်၊ အိမ်တွင်းမှုပညာရပ်များအပြင် လိမ္မာ ယဉ်ကျေးသိမ့်မွေ့သော မိန်းကလေးများ ဖြစ်စေရန်၊ စည်းကမ်းပြည့်ဝပြီး လူမှုပေါင်းသင်း ဆက်ဆံရေးကောင်းမွန်စေရန်၊ ကျန်းမာသန်စွမ်းပြီး ဖျတ်လတ်တက်ကြွစေရန် လေ့ကျင့် သင်ကြားပေးကြရန် မှာကြားခဲ့ပြီး ထောက်ပံ့ငွေ များပေးအပ်ကာ ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှု့ စစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။
    ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (ကျိုင်းတုံ) သို့ ရောက်ရှိခဲ့ရာ ဒေသကြီးကြပ်ရေးမှူးမှ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ထား ရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စု၀န်ကြီးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်ရာတွင် မိမိဝန်ကြီးဌာန၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များကို သိရှိ နားလည်ပြီး  နိုင်ငံတော်အစိုးရ၏ ခွင့်ပြုရန်ပုံငွေနှင့်အညီ သတ်မှတ်ထားသော စံချိန်စံညွှန်းများ ပြည့်မီစေရေးအတွက်  ကြပ်မတ်ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး ဝန်ထမ်းများ အတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (မိုင်းဖြတ်) နှင့် ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး (တာချီလိတ်)သို့ သွားရောက်ကြည့်ရူ့ စစ်ဆေးခဲ့ပြီး လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။

 

Post Paragraph