ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ပျံလွန်၊ ကွယ်လွန်ခဲ့ကြရသည့် ရဟန်း၊ ရှင်၊ လူ ပြည်သူများအားရည်စူး၍ တစ်လပြည့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

နေပြည်တော် ဧပြီ ၂၈
   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မန္တလေး ငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ပျံလွန်၊ ကွယ်လွန်ခဲ့ကြရသည့် ရဟန်း၊ ရှင်၊ လူ ပြည်သူများအား ရည်စူး၍ တစ်လပြည့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ ကျင်းပပြုလုပ်သည်။
   အခမ်းအနားသို့ နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ တပ်ကုန်းမြို့ မဟာသီဟနာဒ ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာစိဏ္ဏတို့အမှူးပြုသော ဆရာတော်ကြီး များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီ အတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
မှတ်တမ်းရုပ်သံဗီဒီယိုကြည့်ရှု
   ဦးစွာ မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများ၊ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို ပြည်တွင်းမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ နိုင်ငံတကာမှ ရောက်ရှိလာသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ အတူတကွပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စနစ်တကျဖြင့် ဦးစားပေးအဆင့်အလိုက် ဆက်လက်ဆောင်ရွက်နေမှုအခြေအနေများကို တင်ဆက်ထားသည့် မှတ်တမ်းရုပ်သံဗီဒီယိုအား ကြည့်ရှုကြသည်။
   ထို့နောက် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ပျံလွန်၊ ကွယ်လွန်ခဲ့ကြရသည့် ရဟန်း၊ ရှင်၊ လူ ပြည်သူများအားရည်စူး၍ တစ်လပြည့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး မဟာသီဟနာဒကျောင်းတိုက်ဆရာတော်ကြီး ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
နာယူကြည်ညို
   ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော် မူကြသည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး     တို့က ပေါက်မြိုင်ဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်ကပ်လှူဒါန်း
   ယင်းနောက် ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီးတို့က မဟာသီဟနာဒ ဆရာတော်ကြီးထံလည်းကောင်း၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများက ဆရာတော်၊ သံဃာတော်များထံလည်းကောင်း လှူဖွယ်ပစ္စည်း များကို ဆက်ကပ်လှူဒါန်းကြသည်။
အမျှပေးဝေ
   ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တ ဝိမလဗုဒ္ဓိထံမှ တရားတော်များ နာကြား၍ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ပျံလွန်၊ ကွယ်လွန်ခဲ့ကြရသည့် ရဟန်း၊ ရှင်၊ လူ ပြည်သူများအားရည်စူးပြီး ရေစက်သွန်းလောင်းအမျှပေးဝေကြသည်။
   ယင်းနောက်အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။
   ဆက်လက်၍ အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီးနှင့် အခမ်းအနားတက်ရောက်လာကြသူ များသည် ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
 

Post Paragraph