ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)သို့ တက်ရောက်မည့် သင်တန်းသား၊သင်တန်းသူများ သြဝါဒခံယူခြင်း

     ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)သို့ တက်ရောက်မည့် သင်တန်းသား၊သင်တန်းသူများ သြဝါဒခံယူခြင်းကို ဧပြီ ၂၅ ရက် နံနက် ၉ နာရီခွဲက တောင်ကြီးမြို့ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း စိန်မြင်းမိုရ်ခန်းမ၌ ကျင်းပသည်။
    ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားလူမျိုးများ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်ကို ပြောကြားလိုပါကြောင်း၊ မောင်တို့မယ်တို့ ယခုတက်ရောက် ပညာသင်ကြားမည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်တို့တွင်လည်း ရည်ရွယ်ချက်(၅)ရပ်စီ ချမှတ်ပြီး အဆင့်မြင့်ပညာရပ်များ သင်ကြားပေးလျက်ရှိပါကြောင်း၊ အဆင့်မြင့်တက္ကသိုလ်ပညာရပ်များ တတ်မြောက်၍ ကျောင်းဆင်းပြီးပါက မိမိဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကျရာကဏ္ဍမှ တက်ကြွစွာပါဝင် ဆောင်ရွက်နိုင်စေရန်ဆိုသည့် ရည်ရွယ်ချက်မှာလည်း မောင်တို့ မယ်တို့အတွက် အဓိကကျသော အချက်တစ်ခုဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့ လူငယ်တစ်ဦးချင်းစီတွင် ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စိတ်ဓာတ်များ ပိုမိုရင့်သန်ခိုင်မြဲလာပြီး နိုင်ငံချစ်စိတ်၊ ဒေသကို အကျိုးပြုလိုစိတ် တိုးပွားလာအောင် ဆောင်ရွက်၍ နိုင်ငံတော်၏ အဓိက ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းရာတွင် မောင်တို့မယ်တို့ အနေဖြင့် ကျရာအခန်းကဏ္ဍမှ ပါဝင်ထမ်းရွက်ကျမည့် နိုင်ငံအကျိုးပြု လူချွန်လူကောင်းများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားသည်။
    ဆက်လက်၍ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)သို့ တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရွှေဝင်းက လက်ခံရယူပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) ပညာရေးဘွဲ့ ငါးနှစ်၊ သင်တန်းအမှတ်စဉ်(၉) တက်ရောက်မည့် သင်တန်းသူ ၁ ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားကာ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရပါသည်။
    အဆိုပါ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်၊စစ်ကိုင်း)သို့ တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများတွင် B.Ed (စစ်ကိုင်း)သို့ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၂၄ ဦး၊ ဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း)သို့ အမျိုးသား ၂၁ ဦး၊ အမျိုးသမီး ၂၄ ဦး စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၇၁ ဦး တက်ရောက်မည် ဖြစ်ကြောင်းသိရသည်။

Post Paragraph