
စစ်ကိုင်း၊ ဇူလိုင် ၁၉
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)၏ ၂၀၂၃ ခုနှစ် အိပ်ဆောင်အလိုက် မိုးရာသီ အားကစားပြိုင်ပွဲကို ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ဒီဂရီကောလိပ် (စစ်ကိုင်း) ရှိ ဘောလုံးကွင်း၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ (ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး ကျောင်းအုပ်ကြီးက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် အိပ်ဆောင်အလိုက် ဘောလုံးအသင်းများက အားကစားသစ္စာ၊ အဓိဌာန် ရွတ်ဆို ကြသည်။ ယင်းနောက် ပြိုင်ပွဲဝင် အားကစားသမားများကို ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ဘားအံအဆောင် ဘောလုံးအသင်းနှင့် စစ်ကိုင်းအဆောင် ဘောလုံး အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်နှစ်ဂိုးစီဖြင့် သရေကျခဲ့ကြောင်း သိရသည်။



