ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ ဌာနေကိုယ်စားလှယ်နှင့် ဗြိတိန်နိုင်ငံသံအမတ်ကြီးတို့ သီးခြားစီလာရောက်တွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာလ ၂၁ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Jurg Montani သည် ယနေ့နံနက် (၁၀) နာရီအချိန်တွင်လည်းကောင်း၊ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Andrew Patrick သည် ယနေ့နံနက် (၁၁) နာရီအချိန်တွင် လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ သီးခြားစီ လာရောက်တွေ့ဆုံခဲ့ပါသည်။
    ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံအတွင်းရှိ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ရခိုင်ပြည်နယ် အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်ရေးနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ရှိ နှစ်ဖက်လူ့အဖွဲ့အစည်းအတွင်း ရေရှည် သဟဇာတဖြစ်စွာ အတူလက်တွဲနေထိုင်ရေးနှင့် လိုအပ်သော စားနပ်ရိက္ခာများ မျှမျှတတ ကူညီထောက်ပံ့ပေးနေမှု အခြေအနေများ၊ ရခိုင်ပြည်နယ် မြေပြင်အခြေအနေအမှန်များအား နိုင်ငံတကာမှ သိရှိနိုင်ရန် အတွက် သတင်းထုတ်ပြန်ရေးအဖွဲ့များ ဖွဲ့စည်းပြီး အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပြသပေးနေမှု အခြေအနေများ၊ နယ်စပ်ဒေသများရှိ IDPs များနှင့် ပတ်သက်၍ လူသားချင်းစာနာထောက် ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်မျာ၊ နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်မပျက် နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများနှင့် နှစ်နိုင်ငံ ပိုမိုပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။