ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ ဌာနေကိုယ်စားလှယ် လာရောက်တွေ့ဆုံ

နေပြည်တော်၊ မတ်လ ၂၉ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Jurg Montani သည် ယနေ့နေ့လည် (၃) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
    ထိုသို့ တွေ့ဆုံရာတွင် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်လျက် ရှိသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက် မှုများ၊ ရခိုင်ပြည်နယ် မောင်တောဒေသ၏ လက်ရှိတည်ငြိမ်အေးချမ်းမှုအား ဆက်လက်၍ ပိုမို ကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်အတွင်းရှိ နှစ်ဖက်လူ့အဖွဲ့ အစည်း ရေရှည်သဟဇာတဖြစ်စွာ အတူလက်တွဲနေထိုင်နိုင်ရေးအတွက် ဆောင်ရွက်ပေးနေမှုများ၊ ဒေသအတွင်း စီးပွားရေး၊ လူမှုရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ UN, NGOs, INGOs အဖွဲ့အစည်းများနှင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက် အောင် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ နယ်စပ်ဒေသများရှိ IDPs များနှင့်ပတ်သက်၍ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်ခဲ့သည့် နယ်စပ်ဒေသများ၌ နယ်စပ်ရေးရာဝန်ကြီး ဌာနနှင့် ICRC တို့ ပူးပေါင်း၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ဆောင်ရွက်မှု၏ အောင်မြင် ဖြစ်ထွန်းမှုများနှင့် ရှေ့ဆက်လက် ပိုမိုပူးပေါင်းဆောင်ရွက်မည့် အစီအမံများအား အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
    အဆိုပါ တွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။