ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်နှင့် ဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းများကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ လ ၁၀ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများလိုက်ပါလျက်  ဧပြီလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်သို့ ရောက်ရှိခဲ့ပြီး အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီး၊ ဒုတိယ ကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ သင်တန်းများ မကြာမီ ဖွင့်လှစ်နိုင်ရေးအတွက်  စာသင်ဆောင်များ၊ အိပ်ဆောင်များ၊ စားရိပ်သာများကို စနစ်တကျ ပြင်ဆင်ထားကြရန်၊ လိုအပ်သော အဆင့်မီသင်ထောက်ကူပစ္စည်းများကို ပြင်ဆင်ဖြည့်ဆည်း ဆောင်ရွက် ထားကြရန်၊  စာပေဘာသာရပ်များ သင်ကြားရေးအပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ယုံကြည်ချက်၊ ခံယူချက်များ မြင့်မားစေရေးအတွက် ပြုစုပျိုးထောင်ပေးရန်၊ ကျန်းမာကြံ့ခိုင်သန်စွမ်းရေး၊ တစ်ဦးချင်း အသိစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးနှင့် ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့၏ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် စဉ်ဆက်မပြတ် လေ့လာဆည်းပူးသွားကြရန် မှာကြားခဲ့ပါသည်။
    ထို့နောက် ကျောင်းအုပ်ကြီးက ဒီဂရီကောလိပ်ဆိုင်ရာ အချက်အလက်များ၊ သင်တန်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် အသင့်ဖြစ်စေနိုင်ရေးအတွက် သင်ကြားရေးနှင့် စီမံရေးဆိုင်ရာ  ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဒုတိယ ကျောင်းအုပ်ကြီးနှင့် ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများမှ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး စားသောက်ဖွယ်ရာလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။ 
    ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကောလိပ်၏ အားကစားကွင်း အဆင့်မြှင့်တင် ဆောင်ရွက်ရန် လျာထားမှု၊ စာသင်ခန်းမများ၊ အိပ်ဆောင်များ၊ စားရိပ်သာများနှင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့လယ်ပိုင်းတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ ဗဟိုလေ့ကျင့်ရေး ကျောင်းသို့ ရောက်ရှိ၍ ဧည့်ခန်းမတွင် ကျောင်းအုပ်ကြီးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ၊ စိုက်ပျိုးမွေးမြုရေးဆိုင်ရာကိစ္စရပ်များ တင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး စားသောက်ဖွယ်ရာလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် Japan Myanmar Association(JMA)တို့ ပူးပေါင်းဖွင့်လှစ်ထားသည့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး သင်တန်းတက်ရောက်နေကြသည့် သင်တန်းသူများ၏ လေ့ကျင့်သင်ကြား‌နေမှုနှင့် ထပ်မံဖွင့်လှစ်မည့် သင်တန်းများအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများ၊ ကျောင်းဝန်း အတွင်းရှိ စားရိပ်သာများ၊ အိပ်ဆောင်များ၊ ဝန်ထမ်းအိမ်ရာ မြေလွတ်နေရာတွင် ဆောင်ရွက်လျက်ရှိသည့်  Green House  များနှင့် ငါးကန်များတွင် ငါးမွေးမြူထားရှိမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါ သည်။
     ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးအထူးဇုန် (၃) ၌ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)၊ ဗဟိုလေ့ကျင့်ရေးကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဝန်ထမ်းများ၊ မိသားစုဝင်များ သက်သာချောင်ချိရေး အတွက် ကြက်၊ ဝက်၊ ငါး မွေးမြူ‌ရေးစခန်းအကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို  ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း မှာကြားခဲ့ပါသည်။ 
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး သင်တန်းကျောင်းအုပ်က သင်တန်းကျောင်းဆိုင်ရာအချက်အလက်များ ၊ သင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ စားသောက် ဖွယ်ရာလက်ဆောင်များ ပေးအပ်ခဲ့ပြီး သင်တန်းကျောင်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post Paragraph