
နေပြည်တော် ဇွန် ၂၉
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနလက်အောက်ရှိ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ၌ အသစ်တည်ဆောက် ပြီးစီးခဲ့သည့် (၃) ထပ် စာသင် ဆောင်သစ်နှင့် ကျောင်းသူ (၂) ထပ် အိပ်ဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါ ဒီဂရီကောလိပ်နှင့် တက္ကသိုလ်များ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကျောင်းအုပ်ကြီး၊ တာဝန်ယူဆောက်လုပ်ခဲ့သည့် New Star Light Co.Ltd မှ တာဝန်ရှိသူတို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကမ္ဗည်းမော်ကွန်း အား အမွှေးနံ့သာရေများ ပက်ဖြန်းပေးသည်။
ထို့နောက် တာဝန်ယူတည်ဆောက်ခဲ့သည့် ကုမ္ပဏီက အဆောက်အဦးပတ်သက်သည့် စာရွက်စာတမ်းများကို ဒီဂရီကောလိပ် (စစ်ကိုင်း) ကျောင်းအုပ်ကြီး ဒေါ်ရီရီညွန့်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များသည် တိုင်းရင်းသား ကျောင်းသား/သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူခဲ့ကြပြီး ကျောင်းဆောင်သစ်အား လိုက်လံကြည့်ရှု စစ်ဆေးပြီး ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ သင်တန်းသား/သင်တန်းသူများအား ကျောင်း၏ ဘွဲ့နှင်းသဘင်ခန်းမတွင် တွေ့ဆုံမှာကြားခဲ့သည်။
အလားတူ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုရေး တက္ကသိုလ် (စစ်ကိုင်း) ၌ အသစ်တည်ဆောက်ပြီးစီးခဲ့သည့် ကျောင်းသူ (၂) ထပ် အိပ်ဆောင်သစ် ဖွင့်ပွဲသို့တက်ရောက်ခဲ့ပြီး တာဝန်ရှိသူများက ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုဝန်ကြီးက ကျောင်းဆောင်သစ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ကာ ကမ္ဗည်း မော်ကွန်းအား အမွှေးနံ့သာရေများ ပက်ဖြန်းပေးသည်။ ဆက်လက်၍ တာဝန်ယူ တည်ဆောက်ခဲ့သည့် ကုမ္ပဏီက အဆောက်အဦနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ပါမောက္ခချုပ် ဦးမြဝင်းထံသို့ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးပြီး ကျောင်းသူအိပ်ဆောင်သစ်အား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး ပါမောက္ခချုပ် နှင့် ဆရာ/ဆရာမများ၊ သင်တန်းသား/သင်တန်းသူများအား ကျောင်း၏ ဘွဲ့နှင်းသဘင်ခန်းမတွင် တွေ့ဆုံမှာကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒီဂရီကောလိပ်နှင့် ဖွံ့ဖြိုးရေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး၊ ပါမောက္ခများ၊ ဆရာ၊ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ သူများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်နေသည့် အဓိကလုပ်ငန်း တာဝန်ကြီး (၂) ရပ်ဖြစ်သည့် နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ပြီး လူမှုစီးပွားဘဝများ မြင့်မားတိုးတက် လာစေရေးနှင့် နယ်စပ်ဒေသတွင်နေထိုင်သည့် တိုင်းရင်းသားများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ရည်ရွယ်ချက်များနှင့်အညီ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (၄၅) ကျောင်း၊ နယ်စပ်ဒေသ တိုင်းရင်းလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (၉) ကျောင်း၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (၄၄) ကျောင်းတို့ကို ဖွင့်လှစ်ပြီး နယ်စပ်ဒေသရှိ လူငယ်လူရွယ် အမျိုးသား၊ အမျိုးသမီးများကို ပြုစုပျိုးထောင်ပေးလျက်ရှိကြောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ ကို ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်(စစ်ကိုင်း)၊ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း) တို့တွင် အဆင့်မြင့်ပညာရပ်များ ဆက်လက် သင်ကြားပေးလျက် ရှိကြောင်း၊ မြန်မာနိုင်ငံတနံတလျားမှ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပညာသင်ကြားခွင့် လျှောက်ထားသူ များစွာရှိသည့်အနက် ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်နှင့် ကိုက်ညီပြီး စိစစ်ရွေးချယ်ရေးအဖွဲ့၏ အဆင့်ဆင့်စိစစ်မှု၊ ကျန်းမာရေးဆေးစစ်မှုများ အောင်မြင်ခဲ့သည့်အတွက် ဤကျောင်းတော်ကြီးတွင် ပညာသင်ကြားခွင့် ရရှိကြသည့် မောင်တို့၊ မယ်တို့အနေဖြင့် များစွာ ဂုဏ်ယူတန်ဘိုးထားရန်နှင့် ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ဒီဂရီကောလိပ်တို့၏ ရည်ရွယ်ချက် (၇) ချက်ကိုလည်း အလေးထား သိရှိလိုက်နာ ဆောင်ရွက်ကြရန် လိုကြောင်း၊ ထိုရည်ရွယ်ချက်များ ပေါက်မြောက်အောင်မြင်ပြီး မိမိတို့ဒေသ၏ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းကောင်းများနှင့် ပညာရေးဝန်ထမ်း ကောင်းများအဖြစ် နယ်စပ်ဒေသတွင် တာဝန်ထမ်းဆောင်ရန် ယခုကျောင်းမှာကတည်းက ကြိုးစားသင်ယူအားထုတ်သွားရန် ကျောင်းဆင်းပြီးသည့်အခါ ဗလငါးတန်နှင့် ပြည့်စုံသည့် ပညာရေးဝန်ထမ်းကောင်းများနှင့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်စေရန် ဤကျောင်းတော်ကြီးက လေ့ကျင့်ပျိုးထောင် ပေးနေခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို ထာဝစဉ်စောင့်သိ ရိုသေပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်များ ရှင်သန် ထွန်းကား ပြန့်ပွားရေးအတွက် ကြိုးပမ်းကြရန်၊ မိမိတို့ ဆည်းပူးလေ့လာရသည့် ပညာရပ်များနှင့် တိုင်းရင်းသားများ၏ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးကို ကြိုးစားဆောင်ရွက်ကြရန်နှင့် ယနေ့ခေတ်သည် ပညာခေတ် (Knowledge Age) ဖြစ်သည့် အတွက် နိုင်ငံတကာနှင့် ရင်ဘောင်တန်းရပ်တည်နိုင်မည့် အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်အောင် ကြိုးပမ်းကြရန်၊ ကျောင်းသင်ခန်းစာအပြင် အတွေးအခေါ်အယူအဆခံယူချက်၊ ယုံကြည်ချက်များ တိုးတက်မြင့်မား ထက်မြတ်စေရေးအတွက် ဖတ်ရှု့လေ့လာသွားကြဖို့ လိုအပ် ကြောင်း၊ “ယနေ့လူငယ် နောင်ဝယ်လူကြီး” ဟူသည့် ဆိုရိုးစကားနှင့်အညီ အနာဂတ်နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းတာဝန်ယူရမည့် မျိုးဆက်သစ်လူငယ်များဖြစ်သောကြောင့် မိမိတို့၏ ကိုယ်ရည်ကိုယ်သွေး ကိုယ်စွမ်းကိုယ်စ မြင့်မားလာအောင် ယခုကတည်းက လေ့ကျင့်ပျိုးထောင် သွားရန်နှင့် ကျန်းမာရေးကောင်းမွန်ပြီး ဇွဲလုံလဝီရိယရှိရန်၊ စိတ်ဓာတ်ခိုင်မာရန်၊ ရည်မှန်းချက်ကို အောင်မြင်အောင် ကြိုးစားလိုသည့် စိတ်ဓာတ်မွေးမြူသွားကြရန်၊ အနာဂတ်တွင် နိုင်ငံတော်က အားထားရမည့် လူကောင်းလူတော်များဖြစ်အောင် ကျင့်ကြံကြိုးစား အားထုတ်သွားကြရန်၊ နိုင်ငံတော် အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌လည်း ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန်နှင့် ဒို့တာဝန်အရေး (၃) ပါးကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်၏ ကျေးဇူးသစ္စာကို အမြဲစောင့်သိရိုသေသွားကြရန် မှာကြားခဲ့သည်။ ထို့နောက်ဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား/သူများ အား ထောက်ပံ့ငွေများပေးအပ်ကာ ကျောင်းသား/သူများနှင့်အတူ နေ့လယ်စာ သုံးဆောင်ခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့လည်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ၏ ၂၀၁၈ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်၍ ရတနာတန်းဝင် တမလန်းပင်အား စိုက်ပျိုးပေးခဲ့သည်။ အဆိုပါ သစ်ပင်စိုက်ပျိုး ပွဲတော်တွင် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ သရက်နှင့် လျှော်ဖြူ စုစုပေါင်း (၃၀၀၀) ပင် ကို ကျောင်းသား/သူများ စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။
