
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာလ (၂၅) ရက် နေ့လည်ပိုင်းတွင် မွန်ပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုက်ထိုမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် အင်္ဂဘို-ကဒိုင်ဒွတ်-မိုးဘောလမ်း (၂၂/၀)မိုင်အနက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စတင် ဆောင်ရွက်ခဲ့သော ကျောက်ခင်းလမ်း (၅/၄)မိုင်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆက်လက် ဆောင်ရွက်လျက်ရှိသည့် ကျောက်ခင်းလမ်း (၃/၅)မိုင် ဖောက်လုပ်နေမှု လုပ်ငန်းခွင်နှင့် ဘီးလင်းမြို့နယ်၊ မရမ်းကုန်း-ရွှေကြည်လမ်း (၄/၆)မိုင်အနက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သော ကျောက်လမ်း (၃/၀) မိုင်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်သွားမည့် ကျောက်လမ်း (၁/၆)မိုင်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေသည့် လုပ်ငန်းခွင်များသို့ ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများက လမ်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး မှ ယခုဆောင်ရွက်နေသော လုပ်ငန်းများသည် ဒေသအတွင်းရှိ ကျေးရွာ(၁၆)ရွာ မှ အိမ်ထောင်စု (၂၀၇၅)စု တို့အတွက် အကျိုးပြုမည့် လုပ်ငန်းဖြစ်သဖြင့် တာဝန်ခံကုမ္ပဏီများအနေဖြင့် နိုင်ငံတော်ခွင့်ပြု ရန်ပုံငွေနှင့် ထိုက်တန်စွာ စံချိန်စံညွှန်းပြည့်မီစေရေး ရေရှည်တည်တံ့စေရေး စေတနာထား ဆောင်ရွက်သွားကြရန်နှင့် ကြပ်မတ် စစ်ဆေးသူများကလည်း စနစ်တကျ စဉ်ဆက်မပြတ် ကြပ်မတ် စစ်ဆေးသွားရန် လမ်းညွှန်မှာကြားခဲ့ပြီး လမ်းလုပ်ငန်းများတွင် အသုံးပြုခဲ့သည့် လုပ်ငန်းသုံးကျောက်၊ ဗြုန်း၊ သံချောင်းများနှင့် လမ်းလုပ်ငန်းဆောင်ရွက်ရာတွင် တာဝန်ရှိသူများ စစ်ဆေးကြပ်မတ်မှု မှတ်တမ်းဓါတ်ပုံများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများနှင့် ဒေသခံပြည်သူလူထုတို့မှလည်း တည်ဆောက်ပြီးခဲ့သော လမ်းအပိုင်းလိုက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရန် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းပေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လမ်းကြောင်းအခြေအနေများအား မော်တော်ယာဉ် များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။