ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား အမေရိကန်သံအမတ်ကြီး လာရောက်တွေ့ဆုံ

နေပြည်တော် ဇွန် ၂၅
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Scot Marciel သည် ယနေ့နံနက် (၁၁) နာရီခွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။
    တွေ့ဆုံစဉ် နယ်စပ်ရေးရာဝန်ကြီးဌာနက နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ် ဒေသများရှိ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ မြန်မာနိုင်ငံ၏ မြောက်ပိုင်းဒေသရှိ နေရပ်စွန့်ခွာ စစ်ပွဲရှောင် IDPs များအား လိုအပ်သော အထောက်အပံ့ပေးဆောင်ရွက်နေမှု အခြေအနေများ၊ ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာ IDPs များအား ပြန်လည်လက်ခံရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းဒေသများအား ငါးနှစ်တာစီမံကိန်းဖြင့် အမေရိကန်ဒေါ်လာ သန်း (၅၀) ကျော်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထောက်ပံ့ကူညီ ဆောင်ရွက်သွားမည့် ကိစ္စရပ် များကို  အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။
    အဆိုပါတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။