ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကမ္ဘာ့ဘဏ် (World Bank) မှ ဌာနေကိုယ်စားလှယ် လာရောက်တွေ့ဆုံ

နေပြည်တော် စက်တင်ဘာလ ၁၈ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အား ကမ္ဘာ့ဘဏ် (World Bank) မှ ဌာနေကိုယ်စားလှယ် Ms. Ellen Goldstein ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက် (၁၁) နာရီ အချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
    ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ် ဒေသတွင် နေထိုင်သည့် တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်အစိုးရက ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံ အချင်းချင်း၊ UN ၊ NGOs ၊ INGOs အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများ၊ နိုင်ငံတော်အစိုးရမှ ရခိုင်ပြည်နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံချက်များ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်သင်ကြား လျက်ရှိသော အသက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်းများအား အဆင့်မြှင့်တင်ရေး လုပ်ငန်းများနှင့် ဘိန်းအစားထိုး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် ကမ္ဘာ့ဘဏ်အနေဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍  ရင်းနှီး ပွင့်လင်းစွာ အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
    အဆိုပါ တွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။