နေပြည်တော် သြဂုတ်လ ၂၆ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Daisy Dell သည် ယနေ့နံနက် (၁၁) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ ခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံအတွင်းရှိ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသ များရှိ တိုင်းရင်းသားများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး၊ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်များ ဆန္ဒအလျောက် နေရပ်ပြန်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများ၊ နိုင်ငံတော် အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား အကောင်အထည် ဖော်ဆောင်ရွက်နေမှုများ၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် များစွာအထောက်အကူ ဖြစ်စေနိုင်သည့် နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့အစည်းများအတွက် စားဝတ်နေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး ရည်ရွယ်၍ အခြေခံအဆောက်အအုံများ ဆောက်လုပ်ပေးနေမှု၊ စားနပ်ရိက္ခာ ထောက်ပံ့ပေးနေမှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ပညာရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် လတ်တလော လိုအပ်ချက်များအတွက် ထောက်ပံ့ကူညီ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် UNHCR တို့ ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းရှိ နယ်စပ်ဒေသများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တိုင်းရင်းသားများ၏ အခြေခံလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့မှု၏ အောင်မြင်ဖြစ်ထွန်းမှုများနှင့် ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက် သွားမည့် အစီအမံများအား ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ အမြဲတမ်းအတွင်းဝန် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။