ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ဥရောပကော်မရှင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အာရှ၊ အလယ်အာရှ၊ အရှေ့အလယ်ပိုင်းနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး လာရောက်တွေ့ဆုံ

နေပြည်တော် ဇွန် ၂၀
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ဥရောပ ကော်မရှင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အာရှ၊ အလယ်အာရှ၊ အရှေ့အလယ်ပိုင်းနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Pierre Amilhat နှင့် အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသ ဌာနမှူး Mr. Jean Louis Ville နှင့်အဖွဲ့သည် ယနေ့မွန်းလွဲ (၁) နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက် တွေ့ဆုံသည်။
    တွေ့ဆုံစဉ် နယ်စပ်ရေးရာဝန်ကြီးဌာနမှ မြန်မာနိုင်ငံအတွင်းရှိ နယ်စပ်ဒေသများ၌ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက် နေမှုအခြေအနေများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် နေသည့်အခြေအနေများ၊ မြန်မာနိုင်ငံအစိုးရနှင့် ဥရောပသမဂ္ဂတို့အကြား ပူးပေါင်းဆောင်ရွက်မှု နေမှု အခြေအနေများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူမျိုးများအတွက် ပညာရေးဝန်ကြီး ဌာန၏ မူဝါဒအတိုင်း ပညာသင်ကြားပေးနေမှုအခြေအနေများ၊  နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော်ဆောင်ရွက် နေသည့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ထိုင်း-မြန်မာနယ်စပ်ရှိ နေရပ်စွန့်ခွာ ဒုက္ခသည် စခန်းများမှ မြန်မာနိုင်ငံသားများအား ပြန်လည်လက်ခံ နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားပေးရေး ဆိုင်ရာကိစ္စရပ်များ၊ ဥရောပသမဂ္ဂက မြန်မာနိုင်ငံပညာရေးကဏ္ဍ ပိုမိုတိုးတက်မြင့်မားလာအောင် အထောက်အပံ့ပေး ဆောင်ရွက်မည့်အခြေအနေများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဥရောပသမဂ္ဂတို့ ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။
    အဆိုပါတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။