ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)တို့သို့ ကြည့်ရှုစစ်ဆေး

ဇွန် ၁၀ ရက်၊ နေပြည်တော်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွာသစ်ကြီးကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်သို့ရောက်ရှိခဲ့ပြီး ဖွံ့ဖြိုးရေးတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မဟာပညာရေးဘွဲ့ ၂ နှစ်သင်တန်းနှင့် ပညာရေး ဘွဲ့ ၅ နှစ်သင်တန်းတို့မှ ကျောင်းသား၊ ကျောင်းသူများ၏ ဘာသာရပ်အလိုက် စာပေသင်ကြားနေမှုများ၊ တက္ကသိုလ် စာကြည့်တိုက်၊ အိပ်ဆောင်၊ စားရိပ်သာများနှင့် အားကစားကွင်း အဆင့်မြှင့်တင် ဆောင်ရွက်မည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စားရိပ်သာတွင် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ နေ့လည်စာ သုံးဆောင်ခဲ့ပါသည်။ 

ဆက်လက်၍ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ သက်သာချောင်ချိရေးအတွက် မွေးမြူထားရှိသည့် အသားစားကြက်၊ ဥစားကြက်ခြံ၊ ငါးမွေးမြူရေးကန်များနှင့် စိုက်ပျိုးရေးဆောင်ရွက်ထားရှိမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများအား မှာကြားခဲ့ပါသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် နေ့လည်ပိုင်းတွင် တက္ကသိုလ်အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများနှင့်တွေ့ဆုံ၍ ပါမောက္ခချုပ်မှ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ၊ လေ့ကျင့်သင်ကြားရေးဆိုင်ရာအခြေအနေများနှင့် ဝန်ထမ်းသက်သာချောင်ချိရေးအတွက် ဆောင်ရွက်ထားရှိသည့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကိစ္စရပ် များကို ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်ဘွဲ့နှင်းခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် တွေ့ဆုံရာတွင် ကျောင်းသား၊ ကျောင်းသူများအနေနှင့် လက်ရှိပညာ သင်ကြားရေးကာလအတွင်း ပညာရပ်များကို ကြိုးစားသင်ယူရေး၊ တက္ကသိုလ်တွင် ပညာရှာမှီးစဉ် တိုင်းရင်းသား အချင်းချင်း ချစ်ခင်စည်းလုံးစွာဖြင့် ပြည်ထောင်စုစိတ်ဓာတ် ရင့်သန်ခိုင်မာအောင် နေထိုင်ကျင့်ကြံရေး၊ ပါတီနိုင်ငံရေးကင်းရှင်းပြီး စာရိတ္တနှင့် ကိုယ်ကျင့်တရား ကောင်းမွန်သော ပညာရေးဝန်ထမ်းကောင်းများဖြစ်အောင် လေ့ကျင့်မွေးထုတ်နိုင်ရေး၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း တက္ကသိုလ်၏ရည်မှန်းချက် ၅ ရပ်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများအား စာပေဘာသာရပ်များအပြင် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်ပြီး ယုံကြည်ချက်၊ ခံယူချက်၊ အတွေးအခေါ်နှင့်ဆင်ခြင်တုံတရား  မြင့်မားစေရေးအတွက် သင်ကြားလေ့ကျင့်ပေးရေး၊ အားကစားကဏ္ဍအပါအဝင် ဘက်စုံထူးချွန်ထက်မြက်ပြီး အနာဂတ်တွင် နိုင်ငံတော်မှ အားထားရသည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းများ ဖြစ်လာစေရေး ဦးတည်ချက်ထားရှိ ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်း နှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ပါသည်။

          ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တက္ကသိုလ်၏ ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ရတနာတန်းဝင် ကျွန်းပင်များအား စိုက်ပျိုးပေးခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇွန်လ ၁၀ ရက်‌နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အုန်းတောကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်သို့ ရောက်ရှိခဲ့ပြီး ကောလိပ်၏ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြား၍ ရတနာတန်းဝင် ကျွန်းပင်အား စိုက်ပျိုးပေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကျွန်း၊ ပိတောက်၊ သရက်၊ မန်ကျည်း အပင်ရေ (၁၀၀၀) ကျော် စိုက်ပျိုးနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ပါသည်။ ၎င်းနောက် စာသင်ဆောင်များ၌ ပညာသင်ကြား နေသည့် ကျောင်းသား၊ ကျောင်းသူများ၏ စာသင်ကြားနေမှု အခြေအနေများ၊ လက်တွေ့ခန်းများ၊ စာကြည့်တိုက်၊ အိပ်ဆောင်၊ စားရိပ်သာနှင့် အားကစားကွင်း အဆင့်မြှင့်တင်ဆောင်ရွက်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ပြီး စားရိပ်သာတွင် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ နေ့လည်စာ သုံးဆောင်ခဲ့ပါသည်။

 ဆက်လက်၍ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ဌာနမှူးများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Post Paragraph
video-upload