ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်

နေပြည်တော် သြဂုတ်  ၃၁
    နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင် နှင့် တာဝန်ရှိသူများ လိုက်ပါလျှက် (၂၉-၈-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (မုံရွာ) သို့ ရောက်ရှိခဲ့ရာ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်ထင်ကျော်မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြခဲ့မှုအပေါ် လိုအပ်သည်များပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ပြီး ရုံးဝန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်း ပညာသင်တန်းကျောင်းများရှိရာ  (ယင်းမာပင်) (ပုလဲ) (ဆားလင်းကြီး) (မြိုင်) (ရေစကြို) များသို့ ရောက်ရှိခဲ့ရာ သက်ဆိုင်ရာကျောင်းအုပ်များမှ သင်တန်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်း တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ပေးခဲ့သည်။ ထို့နောက် ဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ သင်တန်းသူများအား တွေ့ဆုံမှာကြားခဲ့ပြီး သင်တန်းသူများ ၏ လေ့ကျင့်သင်ကြားနေမှုများ၊ ချုပ်လုပ်ထားရှိသည့် အဝတ်အထည်များ၊ အသုံးအဆောင် ပစ္စည်းများ၊ အိပ်ဆောင်များ၊ စားရိပ်သာများနှင့် တည်ဆောက်ရေးလုပ်ငန်း များအား လှည့်လည် ကြည့်ရှု့စစ်ဆေးခဲ့သည်။
    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၃၀-၈-၂၀၁၈) ရက်နေ့နံနက်ပိုင်းတွင် အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများရှိရာ (ပေါက်) (ဆိတ်ဖြူ) များသို့ သွားရောက်၍ သက်ဆိုင်ရာကျောင်းအုပ်များ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။     
ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ သင်တန်းသူများအား တွေ့ဆုံ၍ မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး အတွက် နိုင်ငံတော်မှ ရာနှုန်းပြည့် အထောက်အပံ့များဖြင့် ပြုစုပျိုးထောင် လေ့ကျင့်သင်ကြား ပေးလျက်ရှိပါကြောင်း၊ သင်တန်းသူများအနေဖြင့် အခြေခံ စက်ချုပ်သင်တန်း တတ်မြောက်ပြီးပါက အဆင့်မြင့်စက်ချုပ်သင်တန်းများကို ဆက်လက်တက်ရောက်၍ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခု အဖြစ် ဆောင်ရွက်နိုင်သလို အထည်ချုပ် စက်ရုံများ၊ ကုမ္ပဏီများ တွင်လည်း ကျွမ်းကျင်ဝန်ထမ်း အဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်သဖြင့် သင်တန်းမှ သင်ကြားတတ်မြောက်သော ပညာရပ်များဖြင့် မိမိဘ၀ ရပ်တည်ခိုင်မာစွာ လျှောက်လှမ်း နိုင်ရေးအတွက် ကြိုးစားလေ့လာ သင်ယူသွားကြရန်၊ ကျောင်းအုပ်နည်းပြများကလည်း အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာရပ်များအပြင် စည်းကမ်း စနစ်တကျ ရှိစေရေး၊ ကျန်းမာကြံ့ခိုင်ရေး၊ အဖွဲ့အစည်း စိတ်ဓါတ်ဖြင့် ပြုမှုနေထိုင် ဆောင်ရွက်တတ် စေရေးနှင့် အချိန်ကိုအကျိုးရှိစွာ စီမံခန့်ခွဲသုံးစွဲတတ်စေရေး ဘဝတိုးတက်ရေးအတွက် စဉ်ဆက် မပြတ် လေ့လာသင်ယူနေကြရန်၊ ဗဟုသုတအမြင်များ တိုးပွားစေရန် ကိုယ်ပိုင်အချိန်များ တွင်လည်း စာအုပ်၊ စာပေဖတ်ရှု့လေ့လာခြင်း အလေ့အကျင့်ကောင်းများကိုပါ ရရှိသွားစေရေးတို့ အတွက် စေတနာထား လေ့ကျင့်သင်ကြား ပေးရန်မှာကြားခဲ့သည်။
        ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပခုက္ကူ) သို့သွားရောက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ နှင့် ဝန်ထမ်းများအား တွေ့ဆုံမှာကြားခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ကာ ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 

Post Paragraph