
နေပြည်တော်၊ မတ် ၁၁ ရက်
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်း များ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)ကို ယနေ့နံနက် ၈ နာရီခွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်း၊ စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ကော်မတီဝင်များဖြစ်ကြသည့် ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ပြည်နယ် အဆင့်ကော်မတီဝင်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် က အမျိုးသားအဆင့်ကော်မတီအနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာ ချထားရေး လုပ်ငန်းစဉ်များနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး လုပ်ငန်းစဉ် များကို လုပ်ငန်းကော်မတီ ၅ ရပ်အပြင် ပြည်နယ်အဆင့်ကော်မတီများ အသီးသီး ဖွဲ့စည်း၍ လုပ်ငန်းများကို ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊ ထို့ကြောင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မတ်လမှ စက်တင်ဘာလအထိ ၆ လ တာ ကာလအတွင်း ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့ရှိ အချို့သော နေရပ်စွန့်ခွာသူ အိမ်ထောင်စုများကို မူလနေရပ်များသို့ ပြန်လည်ပြောင်းရွှေ့ နေရာချထားပေးနိုင်ခဲ့ပြီး ကရင်ပြည်နယ်ရှိ ယာယီခိုလှုံရာစခန်း ၂ ခု ကိုလည်း အပြီးတိုင် ပိတ်သိမ်းနိုင်ခဲ့ပါကြောင်း၊ ဆက်လက်၍ ယာယီခိုလှုံရာ စခန်းများနှင့် တိုက်ပွဲရှောင် စခန်းများတွင် နေထိုင်လျက်ရှိသည့် အိမ်ထောင်စုများကို မူလနေရပ်များသို့ ပြန်လည် နေရာချထားပြီး စခန်းများအား ပိတ်သိမ်းနိုင်ရေးအတွက် အရှိန်မြှင့်တင် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း။
ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းမှု အခြေအနေအရ မူလနေရပ်သို့ ပြန်လည် နေထိုင်ကြသည့်တိုင်းရင်းသားပြည်သူများအား နယ်စပ်ရေးရာဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ လုပ်ငန်း ကော်မတီများနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ထိရောက် ကောင်းမွန်စွာ ထောက်ပံ့ကူညီ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး IDP စခန်းရွှေ့ပြောင်းရေးနှင့် စပ်လျဉ်း၍လည်း နေအိမ်၊ ရေ/ မီးသွယ်တန်းခြင်း၊ ကျောက်ချောလမ်း၊ မြေလမ်း တာပေါင် အဆင့်မြှင့်တင်ခြင်း၊ မြေယာလျော်ကြေး ပေးခြင်း၊ မြေနေရာ အကွက်ချထားပေးခြင်းတို့ကို အဆင့်လိုက် စီမံ ဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊ အဆိုပါစခန်းများ၏ နမူနာကောင်းများကို မှီငြမ်း၍ သက်ဆိုင်ရာ လုပ်ငန်းကော်မတီဝင် ဝန်ကြီးဌာနများ၊ ပြည်နယ်အဆင့် ကော်မတီများ အနေဖြင့် ယာယီခိုလှုံရာ စခန်းများမှ နေရပ်ပြန်သူများ အတွက် လတ်တလော လိုအပ်ချက်များအား အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ကူညီပေးရေးနှင့် လိုအပ်လာ နိုင်မည့် လုပ်ငန်းစဉ်များကို ကြိုတင်မှန်းဆ၍ ဘဏ္ဍာငွေများ ကြိုတင်လျာထား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မူလနေရပ်များနှင့် ပြန်လည် နေရာချထားသည့် ဒေသများတွင် လူမှုပဋိပက္ခများ လျော့နည်း ပပျောက်စေရေး၊ လူမှုစီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်လာစေရေး၊ ဘေးကင်းလုံခြုံ၍ ဂုဏ်သိက္ခာ ရှိစွာဖြင့် မှီခိုမှုကင်းပြီး ယခင်ကထက် ပိုမိုကောင်းမွန်သော လူနေမှုပတ်ဝန်းကျင် ပြန်လည်တည်ဆောက်ပေးရေး ဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာကော်မတီ အသီးသီးက ပူးပေါင်းဆောင်ရွက်ပေး ကြရန် လိုအပ်ပါကြောင်း။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လက်နက်ကိုင်ပဋိပက္ခများ လျော့နည်းပပျောက်ရေး၊ ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး လုပ်ငန်းစဉ်များကို ဦးစားပေး အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေများ သာမက နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီ များနှင့် ပြည်နယ်အဆင့်ကော်မတီများအနေဖြင့် အချင်းချင်းဆက်သွယ်မှု ရယူပြီး လုပ်ငန်း များကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အမျိုးသား အဆင့် ကော်မတီ၊ လုပ်ငန်းကော်မတီများ၊ ပြည်နယ်အဆင့်ကော်မတီများအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အမျိုးသားအဆင့် ကော်မတီ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က နေရပ်စွန့်ခွာသူများအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေမှု အခြေအနေများ၊ IDP Camp များတွင် အချက်အလက် ကောက်ယူခြင်း၊ လူမှုရေးဆိုင်ရာ ပံ့ပိုးမှုများ ဆောင်ရွက်ပေးခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ထိုးနှံသွားမည့် အစီအစဉ် များ၊ ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ဆောင်ရွက် ပေးနေမှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့်အစီအမံများ၊ မူလနေရပ်သို့ ပြန်လည်နေထိုင်လိုသူများအတွက် လတ်တလောလိုအပ်သည်များကို ထောက်ပံ့ကူညီ ပေးနိုင်သည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် အမျိုးသားအဆင့်ကော်မတီ အတွင်းရေးမှူး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က (၂/၂၀၂၁) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ လုပ်ငန်းကော်မတီများနှင့် ပြည်နယ်အဆင့်ကော်မတီများ အနေဖြင့် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အမျိုးသားအဆင့် ကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များ၊ ပြည်နယ်အဆင့်ကော်မတီများ မှ တာဝန်ရှိသူတို့က သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု နှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြကြပြီး အမျိုးသားအဆင့်ကော်မတီ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တို့က တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။ (သတင်းစဉ်)