ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် အဖွဲ့ဝင်များ ကျောက်ဖြူမြို့နှင့် သံတွဲမြို့များသို့ ရောက်ရှိ

နေပြည်တော် ဇွန် ၂
     ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျောက်ဖြူမြို့ ရမ္မာဝတီခန်းမသို့ ရောက်ရှိကြရာ ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းက ဒေသဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီလေးခု ဖွဲ့စည်းပြီး အကောင်အထည်ဖော်ဆောင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်နယ်တွင်းရှိ တာဝန်ရှိသူများနှင့် ပြည်သူများက ရရှိလာသည့် အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ပြီး တစ်ဦးမှစ၍ အားလုံးတွင် တာဝန်ရှိကြောင်းကို နားလည်ထားကြရန်လိုကြောင်း၊ မိမိကဏ္ဍအလိုက် ဥပဒေ၊ စည်းကမ်းနှင့်အညီ မိမိ၏ လုပ်ပိုင်ခွင့်အတွင်းမှ အလုပ်လုပ်ကြရန်လိုကြောင်း၊ အားလုံးကပြောင်းလဲမှုပေါ်တွင် လိုက်လျောညီထွေဖြစ်အောင် လိုက်ပါလုပ်ဆောင်ကြရန်နှင့် အချင်းချင်း ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်ချက်များအလိုက် အရေးကြီးသည့် ကိစ္စရပ်များကို သုံးသပ်ကာ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေကို လေးစားလိုက်နာကြရန် လိုအပ်ပါကြောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးသည် ပြည်နယ်တစ်ခုတည်း အတွက်သာမကဘဲ တစ်နိုင်ငံလုံးအတွက် အလွန်အရေးပါကြောင်း၊ ရခိုင်ပြည်နယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေနှင့်အညီ နေထိုင်ကြရန်နှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ကြရန် အထူးအရေးကြီးပါကြောင်း၊ ဘေးပယောဂနှင့် အဖျက်အမှောင့်များကို သတိပြုကြရန်နှင့် ပြည်နယ်အတွင်း နေထိုင်ကြသူအားလုံးကို တစ်ပြေးညီဆက်ဆံ၍ အားလုံးအတွက်မျှမျှတတ ဆောင်ရွက်ပေးသွားပြီး အားလုံးအပေါ် မေတ္တာစေတနာထားကာ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုးတက်ရန်အတွက် တစ်တိုင်းပြည်လုံး တည်ငြိမ်အေးချမ်းရန် လိုအပ်ပါကြောင်း၊ ခေတ်အဆက်ဆက် အစိုးရတိုင်းကလည်း ပြည်တွင်းငြိမ်းချမ်းရေးကို အထူးအလေးထား ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ယနေ့အစိုးရလက်ထက်တွင်လည်း နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ ပါတီအဖွဲ့အစည်းများနှင့် တာဝန်ရှိသူအားလုံးကလည်း အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးညီလာခံကြီး ဆောင်ရွက်နိုင်ရန် ကြိုးပမ်းနေပါကြောင်း၊ ယင်းညီလာခံကြီး၏ ရလဒ်များမှတစ်ဆင့် မိမိတို့အားလုံး မျှော်မှန်းတောင့်တနေသည့် ဖက်ဒရယ်ကို အခြေခံသော ဒီမိုကရေစီနိုင်ငံတော်ကြီးကို ထူထောင်သွားမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ကြီး တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရနှင့် တာဝန်ရှိအကြီးအကဲများ ဆောင်ရွက်ပေးရုံနှင့် မလုံလောက်ပါကြောင်း၊ ဒေသအတွင်းနေထိုင်ကြသည့် ပြည်သူပြည်သားအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုပါကြောင်း၊ နိုင်ငံတိုင်းသည် မိမိနိုင်ငံ၏ အမျိုးသားလုံခြုံရေး၊ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားအပေါ် ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ရှိသကဲ့သို့ နိုင်ငံတိုင်းသည်လည်း နိုင်ငံတကာဥပဒေ၊ ကျင့်ဝတ်ကျင့်ထုံးအစဉ်အလာ အလေ့အကျင့်ကောင်းများကို ထိန်းသိမ်းလိုက်နာရန် တာဝန်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ယင်းအချက်ကို အလေးအနက်ထားပါကြောင်း၊ လက်ရှိပကတိ အခြေအနေကောင်းမွန် တိုးတက်ရန် အတိတ်ကဖြစ်ပျက်ခဲ့ခြင်းများကို သင်ခန်းစာရယူပြီး ပစ္စုပ္ပန်တွင် တက်ညီလက်ညီ ကြိုးပမ်းတည်ဆောက်ကြမည်ဆိုပါက အနာဂတ်တွင် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို တွေ့မြင်ခံစားရမည်ဖြစ်ကြောင်း၊ ပြည်နယ်ကြီး တည်ငြိမ်အေးချမ်းရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရာတွင် စိန်ခေါ်မှုနှင့် အခက်အခဲမျိုးစုံ ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ သို့သော် စိုးရိမ်ပူပန်ရန် မလိုကြောင်း၊ ဒေသခံပြည်သူများ၏ ရှေ့တွင် အစိုးရအဖွဲ့ တာဝန်ရှိသူအားလုံးက မားမားမတ်မတ် ရပ်တည်သွားမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများက အစိုးရအပေါ် ယုံယုံကြည်ကြည်ခိုင်မြဲစွာ လက်တွဲပူးပေါင်း ဆောင်ရွက်မည်ဆိုပါက ရခိုင်ပြည်နယ်ကြီး တည်ငြိမ်အေးချမ်းပြီး အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သကဲ့သို့ နိုင်ငံသားအားလုံး မျှော်မှန်းထားသည့် ဖက်ဒရယ်ကို အခြေခံသော ဒီမိုကရေစီ ပြည်ထောင်စုမြန်မာ နိုင်ငံတော်ကြီးအဖြစ် ကမ္ဘာ့အလယ်တွင် တင့်တယ်စွာ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ပြောကြားသည်။
     ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနဖွဲ့စည်း ပေါ်ပေါက်လာခြင်းနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ရခိုင်ပြည်နယ် အရေးကိစ္စသည် မိမိတို့၏ အမျိုးသားရေးနှင့် နိုင်ငံတကာမှ မြင်သည့်ပုံရိပ်အပေါ် များစွာသက်ရောက်မှု ရှိနေသည့်အတွက် များစွာအရေးကြီးပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ရခိုင်ပြည်နယ်အတွင်းရှိ အလုပ်သမားကိစ္စ ဆိုင်ရာများနှင့် စပ်လျဉ်း၍ ဦးစားပေးဆောင်ရွက်သွားမည့် လုပ်ငန်းများ၊ သစ္စာစီမံချက်ဖြင့် ရက်ပေါင်းတစ်ရာအတွင်း ရွှေ့ပြောင်းနေထိုင်သူများနှင့် အလုပ်သမားများ၏ ကိုင်ဆောင်ခွင့်လက်မှတ် ထုတ်ပေးသွားမည့် အခြေအနေများနှင့် ကျောင်းသား ကျောင်းသူများကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေး လုပ်ငန်းများဆောင်ရွက်ပြီး ကတ်ပြားထုတ်ပေးနိုင်ရန် လုပ်ဆောင်သွားမည့် အစီအစဉ်များ၊ တည်ဆဲဥပဒေများအတိုင်း ပြည်သူလူထုကို မျက်နှာမူကာ တာဝန်ခံမှု၊ တာဝန်ယူမှုရှိရှိဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမည့် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက သတ်မှတ်မူဝါဒများကို ဖြေလျှော့ပြီး တစ်နိုင်ငံလုံးတွင် ကျောင်းအဆင့်တိုးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခုပညာသင်နှစ်သာမက နောင်လာမည့် ပညာသင်နှစ်များတွင် မြစ်ကူးချောင်းခြား သွားလာနေရသည့် ဒေသများမှ ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ယူမှု အဆင်ပြေချောမွေ့စေရန်အတွက် ကျောင်းအဆင့်တိုးမြှင့်ခြင်းများ ပိုမိုဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ သင်ကြား၊ သင်ယူမှုအပိုင်းနှင့် ပညာရေးအရည်အသွေး မြင့်မားလာစေရန် ဆရာ ဆရာမများ၏ ဘာသာရပ်ဆိုင်ရာ သင်ကြားပို့ချမှု အရည်အသွေးမြင့်မားလာရေးကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျောက်ဖြူဒေသအတွင်း ရောဂါဘယ ကင်းဝေးစေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာကိစ္စရပ်များအပေါ် မဟာဗျူဟာ၊ နည်းဗျူဟာများဖြင့် ရေရှည်စောင့်ရှောက်မှုများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မိမိတို့အစိုးရသည် ပြည်သူ့အသံကို နားထောင်ကာ ပြည်သူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်၊ အစိုးရအဖွဲ့၊ ပြည်သူလူထုနှင့် တပ်မတော်တို့ကပါ ပူးပေါင်းပါဝင်ဆောင်ရွက်ကြခြင်းဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်ရေးကို များစွာအထောက်အကူ ဖြစ်လာစေမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက လုံခြုံရေးဆိုင်ရာလုပ်ငန်းများနှင့် စည်းကမ်းလိုက်နာမှု ဆိုင်ရာများတွင် ပြည်သူလူထုကပါ ပူးပေါင်းဆောင်ရွက်သွားရေး ဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
     ယင်းနောက် မြို့နယ်အလိုက် ကော်မတီအသီးသီးက ကဏ္ဍအလိုက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများက တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်း ပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့ဝင်များသည် ကညင်တော IDP စခန်းသို့ရောက်ရှိပြီး အိမ်ထောင်စုများ၏ လူမှုစီးပွားအခြေအနေများကို ကြည့်ရှုကာ ကျောင်းသုံးဗလာစာအုပ်များနှင့် ထီးများပေးအပ်ခဲ့ပြီး မီးဘေးသင့်ပြည်သူများအတွက် ပြန်လည်နေရာချထားပေးရန် ပြင်ဖြူမော်ကျေးရွာတွင် တည်ဆောက်ထားသည့် အိမ်ရာများအား သွားရောက်ကြည့်ရှုကြပြီး အိမ်ထောင်စုဝင်များနှင့် ရင်းနှီးစွာ တွေ့ဆုံသည်။
     ထို့အတူ ယနေ့နံနက် ၈ နာရီခွဲကလည်း ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ ကျောက်တစ်လုံး IDP စခန်းသို့ ရောက်ရှိကြပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနအသီးသီး၏ လုပ်ကိုင်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများ၊ ရည်ရွယ်ချက်များနှင့် ဆက်လက်အကောင်အထည်ဖော် လုပ်ဆောင်သွားမည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားကြသည်။
     ယင်းနောက် IDP စခန်းမှ တာဝန်ရှိသူတစ်ဦးက နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနှင့် အခြားလိုအပ်ချက်များကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ ညွှန်ကြားချက်များနှင့်အညီ အကောင်းဆုံးဖြစ်စေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ပြည်သူများကပါ ပြည်နယ်အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားရန်နှင့် ယုံကြည်မှုရှိရှိဖြင့် ဘက်ပေါင်းစုံမှ တွေးခေါ်ချိန်ဆကာ လက်တွေ့ကျကျ မှန်မှန်ကန်ကန် လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
     မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် သံတွဲမြို့သို့ရောက်ရှိပြီး ဒွာရဝတီခန်းမ၌ မြို့မိမြို့ဖများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။ တွေ့ဆုံပွဲတွင် သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးက ဒေသဆိုင်ရာ အချက်အလက်များနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ ဝန်ကြီးဌာနအလိုက် လက်ရှိလုပ်ကိုင်ဆောင်ရွက်နေမှုများနှင့် ဆက်လက် ဆောင်ရွက်သွားမည့်လုပ်ငန်းများကို အသေးစိတ်ရှင်းလင်းပြောကြားကြသည်။
     ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် သံတွဲ၊ တောင်ကုတ်၊ ဂွမြို့နယ်များမှ စည်ပင်သာယာရေး ကော်မတီများ၊ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့် တာဝန်ရှိသူများက ဒေသအတွက် လိုအပ်ချက်များ၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လိုသည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်း ဆွေးနွေးကြပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။